၁၂ ဩဂုတ်

 

မိခင်နို့က ဘေဘီလေးတွေကို ကျန်းမာစေရုံ အာဟာရ ပြည့်စေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း ကာကွယ် ပေးသေးတယ်နော်။ ဘေဘီလေးတို့ကို အာဟာရ ဖြည့်ပေးတဲ့နို့က ဘေဘီလေးတွေရဲ့ ကျန်းမာရေးကိုတင် မဟုတ်ဘဲ အရွယ်ရောက်ပြီး သူတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြု ပေးနိုင်ပါသေးတယ်။ ဘယ်လိုများ အထောက်အကူပြုပေးလဲ သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

 

မိခင်နိုရဲ့ အသုံးဝင်မှု အဖြာဖြာ

 

မိခင်နို့က ဘေဘီလေးကို အားဖြည့်ပေးတာ အပြင် အခုလို အသုံးဝင် ပါသေးတယ်။

 

မျက်စိနာ သက်သာစေတယ်

 

မျက်စိနာတာကို သက်သာချင်တယ် ဆေးလည်း အလွယ်တကူ မရှိဘူးဆိုရင် မိခင်နို့ရည်ကို မျက်စဉ်းလို ခပ်ပေးလို့ ရပါတယ်။ မျက်လုံး ပိုးဝင်တာ၊ မျက်စိနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

 

နားပိုးဝင်တာကို သက်သာစေတယ်

 

နားကိုက်တာ၊ နားပိုးဝင်ပြီး ပြည်ထွက်တာကို သက်သာစေဖို့လည်း မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။

 

ထိခိုက်ရှနာ သက်သာစေတယ်

 

ထိခိုက်ရှနာတွေကို ပိုးဝင် ကူးစက်တာ ကာကွယ်ဖို့အတွက် မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေဖို့ အားဖြည့်ပေးသလို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

 

ကိုယ်ခံအား ကောင်းစေတယ်

 

မိခင်နို့ရည်က ဘေဘီလေးတွေကိုတင် ကိုယ်ခံအား ဖြည့်ပေးတာ မဟုတ်ဘဲ။ လူကြီးတွေ ဖျားနာနေတဲ့အခါ ကိုယ်ခံအား ကောင်းစေဖို့လည်း မိခင်နို့ရည်ကို သောက်ပေးလို့ ရပါတယ်။

 

ကြွက်နို့ သက်သာစေတယ်

 

ကြွက်နို့ ဖြစ်တဲ့အခါ ကြွက်နို့ပေါ်ကို မိခင်နို့ရည် လိမ်းပေးမယ်ဆိုရင် ကြွက်နို့က သူ့အလိုလို ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

 

အရေပြား ယားယံ နာကျင်တာကို သက်သာစေတယ်

 

အရေပြားမှာ ပိုးကောင် ကိုက်လို့ ဖြစ်ဖြစ်၊ ပျားတုပ်လို့ ဖြစ်ဖြစ် ယားယံ နာကျင်တဲ့အခါ သက်သာစေဖို့ မိခင်နို့ရည်ကို လိမ်းပေးလို့ ရပါတယ်။  ယားယံ နာကျင်မှုကို သိသိသာသာ သက်သာစေမှာပါ။

 

အသားအရေကို အစိုဓာတ် ထိန်းပေးတယ်

 

အသားအရေတွေ ခြောက်သွေ့ ကွဲအက်တာ၊ နှုတ်ခမ်းကွဲတာတွေ သက်သာစေဖို့အတွက်လည်း မိခင်နို့ရည်ကို လိမ်းပေးလို့ ရပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့မှုကြောင့် နောက်ဆက်တွဲ အရေပြား ပြဿနာ ဖြစ်တာကို ကာကွယ်နိုင်မှာပါ။

 

သေးခံလောင်တာကို သက်သာစေတယ်

 

ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ သေးခံလောင်တဲ့နေရာကို မေမေ့ နို့ရည်လေး လိမ်းပေးလိုက်ပါ။ နာကျင်မှု သက်သာပြီး ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေး နိုင်မှာပါ။

 

ရင်သားထိပ် ကွဲအက်တာကို သက်သာစေတယ်

 

မေမေတွေ နို့သီးခေါင်း ကွဲအက်တဲ့အခါ မိခင်နို့ရည်ကို ပွတ်လိမ်းပြီး လေနဲ့ အခြောက်ခံပေးပါ။ ရင်သားထိပ် ကွဲအက်တာကို သိသိသာသာ သက်သာစေပါလိမ့်မယ်။

 

လည်ချောင်းနာတာကို သက်သာစေတယ်

 

လည်ချောင်းနာ တဲ့အခါ မိခင်နို့ရည်ကို ရေနွေး နဲ့ရောပြီး ပလုပ်ကျင်း ပေးတာက လည်ချောင်းနာတာကို သက်သာ စေနိုင်ပါတယ်။

 

အရေပြား ကျန်းမာစေတယ်

 

မျက်နှာကို မိခင်နို့ရည် လိမ်းပေးတာက အသားအရေကို ကြည်လင် သန့်စင်စေပြီး ဝက်ခြံ သက်သာ စေနိုင်ပါတယ်။

 

နေလောင်တာကို သက်သာစေနိုင်တယ်

 

နေလောင်တာကို သက်သာစေဖို့လည်း မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ နေလောင်ရာတွေ အပေါ်မှာ မိခင်နို့ရည်ကို ခပ်ပါးပါး လိမ်းပေးရုံပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn

ရေးသားသူ Aye Thi Mon