မိခင်နို့တစ်မျိုးတည်းသည်သာ- - -

၃၀  သြဂုတ်

 

ဆင်းရဲမှုပြဿနာနှင့် နေရသည့် မြန်မာနိုင်ငံမှာ ကလေးငယ်များ၏ သုံးပုံတစ်ပုံခန့် အာဟာရချို့တဲ့မှုကို ကြုံတွေ့နေရ၏။ ကြုံတွေ့နေရဆဲဖြစ်၏ဟု ဆိုလျှင်ပို၍ မှန်ကန်မည်ထင်ပါသည်။ ကျန်းမာရေးညွှန်းကိန်းများက ဖော်ပြနေသည့် မြန်မာကလေးငယ်တို့၏ အနာဂတ်အရေးမှာ စိုးရိမ်စရာ ပြဿနာတစ်ခု ဖြစ်နေသည်မှာ အမှန်။

 

အခြေခံအားဖြင့် လူများစု၏ကျန်းမာရေး အသိအမြင်၊ ဗဟုသုတနှင့် အယူအဆအမှားတို့က ကျန်းမာရေး ချို့တဲ့မှု၏ အဓိကပြဿနာများ ဖြစ်နေသည်။ သည်အထဲမှာ ကလေးများကို မိခင်နို့တိုက်ကျွေးခြင်းက လွန်စွာအရေးကြီးသော အချက်တစ်ရပ် ဖြစ်ပါသည်။

 

ကလေးငယ်များ၏ ဘဝအစဖြစ်သော ပထမဦးဆုံးခြောက်လတွင် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များအတွက် ကျန်းမာရေးအရ အလွန်ကောင်းမွန် သင့်လျော်ကြောင်းကို ကမ္ဘာတစ်ဝန်းရှိ ကလေးအခွင့်အရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအဖွဲ့အစည်းများက လူထုပညာပေး လှုံ့ဆော်မှုများ ပြုလုပ်နေသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အနုပညာရှင်များ၊ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူပူးပေါင်း ကာ “၆လ- မိခင်နို့မှတစ်ပါးအခြားမလို” ဟူသော လူထုအသိပညာပေး အစီအစဉ် မိတ်ဆက်ပွဲတစ်ခု ၂၀၁၈ ဩဂုတ် ၂၉ ရက်နေ့က ရန်ကုန် ဂယ်လာရီမှာ ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် လှုံ့ဆော်မှု အစီအစဉ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး၊ UNICEF (ယူနီဆက်) ကိုယ်စားလှယ်၊ SAVE THE CHILDREN မြန်မာနိုင်ငံကိုယ်စားလှယ်၊ ထင်ရှားသည့် အနုပညာရှင်များ ဖြစ်ကြသော အဆိ်ုတော် Rဇာနည်နှင့် ဇနီး၊ အဆိုတော် ဆုန်သင်းပါရ်၊ ချစ်သုဝေတို့ ပါဝင်ဆွေးနွေးကြသည်ကို တွေ့ရပါသည်။ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် စီးတီးမတ်ကလည်း တစ်တပ်တစ်အားပါဝင်သည်ကို သိခဲ့ရပါသည်။

 

ကလေးငယ်များ၏ အာဟာရချို့တဲ့မှုပြဿနာ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးသည့် ပြဿနာတို့ကို များစွာပြေပျောက် စေမည်သာမက တိုက်ကျွေးရန်လွယ်ကူ၊ စရိတ်သက်သာ၊ ကလေးအတွက်သာမက မိခင်၏ကျန်းမာရေးကိုပါ များစွာ အထောက်အကူပြုစေမည့် ကလေးငယ်များကို မွေးစမှခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရေး အစီအစဉ်ကို မြန်မာပြည်သူလူထု တစ်ရပ်လုံးထံသို့ အသိပေးပျံ့နှံ့ရေးမှာ အရေးကြီးလှသည်ဟု ယူဆပါသည်။

 

မွေးစမှခြောက်လအရွယ်ထိ ကလေးငယ်များမှ မိခင်နို့သာမှန်မှန် တိုက်ကျွေးနေမည်ဆိုလျှင် အခြားမည်သည့် ဖြည့်စွက်အစာမှမလိုဘဲ လုံလောက်သော အာဟာရပြည့်ဝနေမည် ဖြစ်သည်။ လက်ငင်းကာလ၌ မြန်မာနိုင်ငံတွင် ကလေးငယ် တစ်ဝက်ကျော်ကိုသာ မိခင်နို့တိုက်ကျွေးလျက် ရှိသည်ဟု စစ်တမ်းများကဆိုပါသည်။ ကလေးသုံးပုံတစ်ပုံမှာ အာဟာရ ချို့တဲ့မှုရှိနေခြင်းမှာ ယင်းနှင့်ပတ်သက်နေသည်ဟု ဆိုပါသည်။

 

ထိုမျှမက နို့တိုက်ကျွေးသောမိခင်တို့၏ သွေးသွန်ခြင်းပြဿနာ၊ ရင်သားကင်ဆာရောဂါနှင့် အချို့သော အမျိုးသမီး ရောဂါများကိုပါ လျော့နည်းစေသည်ဟု သုတေသနများက ဆိုပါသည်။ အနာဂတ်မြန်မာတို့ ကြီးထွားဖွံ့ဖြိုးကျန်းမာဖို့၊ အာဟာရချို့တဲ့မှု ပြဿနာပြေလည်စေဖို့ “မွေးစမှ ခြောက်လအထိ ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းတိုက် ကျွေးကြရန်” နှိုးဆော်လိုက်ရပါကြောင်း။ ။

 

မြန်မာ့အလင်း