ရန်ကုန် ဇွန် ၂၃
တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသတို့တွင် မိခင်နှင့်ကလေးသူငယ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၄)နှစ်တာကာလအတွင်း အရန်သားဖွားသင်တန်းသား ၃၀၀ ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်တို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သွားလာရန်ခက်ခဲသော ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အရန်သားဖွားဆရာမတို့ကို မွေးထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မွန်ပြည်နယ်၌ မြို့နယ်ပေါင်း (၇)မြို့နယ်မှ အရန်သားဖွားဆရာမဦးရေ ၁၀၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့ပြီး ကျန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ထက် သင်တန်းသားအများဆုံး မွေးထုတ်ပေးခဲ့၍ ယနေ့တိုင် သက်ဆိုင်ရာမြို့နယ်များနှင့် ကျေးလက်ဒေသတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။
“ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေကို ပံ့ပိုးပေးတာပါ။ သူတို့ရဲ့ စီမံချက်လုပ်ငန်းနဲ့ တိုးချဲ့ဆောင်ရွက်နေတာရှိသလို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့လည်း မွန်ပြည်နယ်ရဲ့ မြို့နယ်တိုင်းက ရွာတိုင်းမှာ အရန်သားဖွားဆရာမရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာ အရန်သားဖွားဆရာမ မရှိတဲ့မြို့နယ်ဆိုတာ မရှိတော့ပါဘူး။ ဧရာဝတီတိုင်းဟာ ကျေးရွာများတဲ့အတွက် အားလုံးပြည့်မီအောင် မဆောင်ရွက်နိုင်သေးဘူး။ ကျောင်းကုန်းဆိုရင် ကျေးရွာအုပ်စု ၆၅ အုပ်စုနဲ့ ရွာပေါင်း ၄၀၀ ကျော်ရှိတယ်။ ရွာတိုင်းအတွက် အရန်သားဖွားဆရာမ မထားနိုင်သေးပေမယ့် နှစ်ရွာ၊ သုံးရွာပေါင်းပြီး အရန်သားဖွားဆရာမ ၁၀၀ ကျော် မွေးထုတ်ပေးပြီးပါပြီ။ ကိုဗစ်ရောဂါကြောင့် ရပ်တန့်ခဲ့ရပေမယ့် အခြေအနေပေါ်မူတည်ပြီး ထောက်ပံ့တဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း ရှိတယ်။ (၄)နှစ်တာအတွင်းမှာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့ အရန်သားဖွားသင်တန်းသား ၃၀၀ နီးပါး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။
မြန်မာနိုင်ငံတွင် တောင်ပေါ်၊ မြေပြန့်နှင့် ကမ်းရိုးတန်းဒေသတို့၌ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ နှစ်စဉ်လိုအပ်ချက်များရှိနေရာ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံမှုတွင် လက်လှမ်းမီနိုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် တွဲဘက်ဆောင်ရွက်မည့် အရန်သားဖွားဆရာ၊ ဆရာမတို့ကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြစ်သည်။ အဓိကအားဖြင့် ကျန်းမာရေးလက်လှမ်းမမီသော ဒေသတို့တွင် ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကနဦးရရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ အရန်သားဖွားသင်တန်းသားတို့ကို မွေးထုတ်ပေးခဲ့ပြီး နိုင်ငံတော်ကလည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေဖြင့် သင်တန်းသားတို့ကို ဆက်လက်မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ညိမ်းသူ
ဓာတ်ပုံ- ကနူး


