သက်ထက်ကို၊ ဓာတ်ပုံ-အောင်စိုး
ရန်ကုန်မြို့မှာ ဒီကနေ့ ပြည်သူအချို့နဲ့ ဌာနဆိုင်ရာအကြားမှာ တိပတဲ့ ဖြေရှင်းမှုတစ်ခုအနေနဲ့ အောင်မြင်မှု မရနိုင်သေးတဲ့ ကိစ္စတစ်ရပ်က ခွေးလေ ခွေးလွင့် ဖြေရှင်းရေး ပြဿနာပါပဲ။
ခွေးကိုက်လို့ ခွေးရူးပြန်ရောဂါဝေဒနာနဲ့ သေဆုံးမှု သတင်းတွေ၊ ဆေးရုံတွေမှာ ခွေးရူးပြန် ရောဂါကာကွယ်ဆေး လိုအပ်ချက်သတင်းတွေက ပုံနှိပ်မီဒီယာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ထင်ထင်ရှားရှား တွေ့ မြင်နေရပါတယ်။
ခွေးလေ ခွေးလွင့်တွေ ထိန်းသိမ်းပေးဖို့ တောင်းဆို
ရန်ကုန်မြို့ကြီးပေါ်မှာ ခွေးလေခွေးလွင့်တွေ နေစဉ်တိုးပွားလာတဲ့အပြင် လူအများ အန္တရာယ်ရှိလာတဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့တွေ၊ တစ်ဦးချင်း တစ်ယောက်ချင်းစီက စာနဲ့တစ်မျိုး၊ ဖုန်းနဲ့တစ်ဖုံ ခွေးလေ ခွေးလွင့်တွေ ထိန်းသိမ်းပေးဖို့ တောင်းဆို သံတွေကလည်း နေ့စဉ်နဲ့အမျှ စည်ပင်သက်ဆိုင်ရာဌာနဆီကို တက်တက်လာတယ်လို့ သိရပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာဌာနအနေနဲ့ တိရစ္ဆာန် ချစ်သူများ၊ ခွေးချစ်သူများရဲ့ တောင်းဆိုမှု၊ ကန့်ကွက်မှုတွေကြောင့် မြို့နယ်တစ်ခုမှာ ဒုတိယမြို့တော်ဝန်ကိုယ်တိုင် တုံ့ဆိုင်းခဲ့ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ခွေးလေ ခွေးလွင့် ဖြေရှင်းရေးမှာ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။
ဒီကနေ့ ခွေးလေ ခွေးလွင့်အကောင် အရေအတွက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကောက်ထားတဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလစာရင်းအရဆိုရင် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ခွေးကောင်ရေ ၃ ဒသမ ၈၈ သန်း ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲဒီအထဲမှာ ၇၀ ရာခိုင်နှုန်းက ခွေးလေ ခွေးလွင့်တွေဖြစ်ဖို့ များတယ်လို့ ဆိုထားပြန်ပါတယ်။ တိပစွာ အချိုးချပြရရင် ၂ ဒသမ ၆၆ သန်းမှာ ခွေးလေ ခွေးလွင့်တွေ ဖြစ်တယ်လို့ လေ့လာသူများ က တွက်ပြပါတယ်။
ရန်ကုန်မြို့မှာ ခွေးကောင်ရေ နှစ်သိန်းရှစ်သောင်း ဝန်းကျင်ရှိနိုင်
ပြောရမှာတော့ အားနာပါတယ်။ လူနဲ့ခွေး အချိုးပြန်စေ့ငုရင် လူ ၂၃ ယောက်လောက် အချိုးမှာ ခွေးတစ်ကောင်နှုန်းလောက်ရှိတယ်လို့ ဆိုကြပြန်ပါတယ်။ အဲဒီတော့ ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေခြောက်သန်းနဲ့ ပြန်တွက်ကြည့်ပြန်တော့ ရန်ကုန်မြို့မှာ ခွေးကောင်ရေ နှစ်သိန်းရှစ်သောင်း ဝန်းကျင် ရှိနိုင်မယ်လို့ ဆိုပြန်ပါတယ်။
ပြဿနာရှိလာရင် ဖြေရှင်းဖို့ အတော်ခက်ခဲ
ဒီကနေ့ ရန်ကုန်မြို့ ကြီးမှာ မှတ်ပုံတင်နဲ့ ခွေးမွေးတဲ့သူ အရေအတွက်က လွန်စွာပဲ နည်းပါတယ်။ မိမိအိမ်မှာ အစာလာတောင်းလို့ သနားလို့ ကျွေးမွေးတဲ့သူတွေက များပြားပါတယ်။ ဒါပေမယ့် သူတို့ခွေးလားဆိုတော့ မဟုတ်ပါဘူးလို့ ဆိုကြပါတယ်။ သနားလို့ ကျွေးတာပါတဲ့။ တကယ်တမ်း ပြဿနာရှိလာရင် ဖြေရှင်းဖို့ အတော်ခက်ခဲပါတယ်။
အဓိက နည်းလမ်းခြောက်ခုနဲ့ ဆောင်ရွက်နေ
ဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးက တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ခွေးမွေးမြူရာမှာ နိုင်ငံအနေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေထဲက အဓိက နည်းလမ်းခြောက်ခုနဲ့ ဆောင် ရွက်နေကြောင်း သိရပါတယ်။
နည်းလမ်း(၁)ကတော့ ခွေးမွေးမြူသူက တာဝန်ယူရတဲ့ နည်းလမ်းပါ။ ဥပဒေပြဋ္ဌာန်းချက် အတိုင်း ခွေးကိုမှတ်ပုံတင်ရပါမယ်။ အဲဒီခွေးကို မိမိတာဝန်ယူပြီး မွေးမယ်ပေါ့။ နည်းလမ်း(၂)က တော့ မျိုးပွားနှုန်းလွယ်ပြီး များတဲ့ခွေးတွေကို ရရှိတဲ့ ဘဏ္ဍာငွေနဲ့ မျိုးပွားနှုန်းကို ထိန်းချုပ်ခြင်းပါ။ နည်းလမ်း(၃)ကတော့ ခွေးရူးပြန်ကာကွယ်ဆေးကို ရရှိတဲ့ ဘဏ္ဍာငွေအပေါ်မူတည်ပြီး အခမဲ့ထိုးပေးခြင်းပါ။ နည်းလမ်း(၄)ကတော့ နေရာတစ်ခုမှာ ခွေးကိုက်တယ်၊ ခွေးဆွဲတယ်၊ လမ်းထဲမှာခွေးတွေ များပြားပြီး ပြည်သူတွေ စိုးရိမ်ကြမယ်၊ တိုင်ကြား မယ်ဆိုရင် အဲဒီပြည်သူတွေနဲ့ ညှိနှိုင်းပြီး ဖမ်းဆီး ခြင်းပါ။ နည်းလမ်း(၅)က ခွေးကိုက်မှုတွေ များပြားလာမယ်ဆိုရင်လည်း ဌာနအနေနဲ့ သွားရောက်ဖမ်းဆီးပြီး လှိုင်သာယာမှာရှိတဲ့ ခွေးလေ ခွေးလွင့် ထိန်းသိမ်းရေးဂေဟာကို ပို့တဲ့ နည်းလမ်းများနဲ့ ဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။
ထက်က ဆိုခဲ့တဲ့ နည်းလမ်း(၁)မှာ အိမ် မွေးခွေးအဖြစ် မွေးတော့မယ်ဆိုရင် ၁၉၂၂ ခုနှစ် ရန်ကုန်မြို့မ မြူနီစီပယ် အက်ဥပဒေအရ မှတ်ပုံတင်ရပါမယ်။ လျှောက်လွှာတင်တဲ့အခါ ခွေးပိုင်ရှင် က ၂၀၁၈ ဘဏ္ဍာနှစ်အရ မှတ်ပုံတင်ကြေးနဲ့ မှတ်ပုံတင်ကတ်ပြားခ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ နောက်ခွေးကို ကာကွယ်ဆေးမထိုးရသေးရင်လည်း ဌာနမှာဖြစ်စေ၊ အပြင်တိရစ္ဆာန် ဆရာဝန် ဆီမှာဖြစ်စေ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ အဲဒါတွေဆောင်ရွက်ပြီးရင်တော့ ခွေးမှတ်ပုံတင်ကတ်ကို ခွေးလည်ပင်းမှာ အစဉ်အမြဲချိတ်ဆွဲ ပေးထားရမှာဖြစ်ပါတယ်။ အဓိကတော့ မိမိမွေးမြူထားတဲ့ခွေးကို မိမိက ထိန်းသိမ်းရမှာ ဖြစ်ပြီး အခြားသူတစ်ဦးကိုကိုက်မိရင် တာဝန် ယူရမှာဖြစ်ပါတယ်။
ခွေးများကို လမ်းပေါ်အစာမကျွေးရ
စည်ပင်ဥပဒေမှာ ပြဋ္ဌာန်းချက်တိတိပပရှိပါတယ်။ အများပြည်သူဆိုင်ရာ လမ်းနေရာတွေမှာ တိရစ္ဆာန်များကို အစာမကျွေးရလို့ ပြဋ္ဌာန်းထားပါတယ်။ တကယ်လို့ စေတနာအလျောက် ကျွေးကြမယ်ဆိုရင်တောင် မိမိအိမ်ဝင်း၊ ခြံဝင်းထဲမှာပဲ ခေါ်ကျွေးရမှာဖြစ်ပါတယ်။
ဒါပေမယ့် ခွေးအစာကျွေးသူအများအပြားက လမ်းမကြီးပေါ်မှာပဲ ချကျွေးကြတာကို တွေ့မြင် နေရပါတယ်။ အချို့လည်း ပလတ်စတစ်အိတ်နဲ့ အချို့ကလည်း ဇလုံ၊ ခွက်လေးတွေနဲ့ ချကျွေးပြီး ပြန်သိမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ခွေးဆိုတဲ့ သတ္တဝါက မိမိကိုကျွေးတဲ့အစာကို ကုန်အောင် မစားတတ်ကြပါဘူး။ နောက်တစ်ကောင်ကျွေးတဲ့ အစာကို လုစားလေ့ရှိပါတယ်။ အဲဒီတော့ စားကြွင်းစားကျန်တွေက လမ်းပေါ်မှာ ပြန့်ကျဲနေတတ်ပါတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု ဖြစ်စေတဲ့ အပြင် ကြွက်၊ ယင်များကြောင့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ဆိုးကျိုးတစ်ခုဖြစ်လာ နိုင်ပါတယ်။
လက်ရှိအနေအထားမှာတော့ စည်ပင်က အဲဒီလိုလမ်းပေါ်မှာ စည်းကမ်းမဲ့ အစာကျွေးတတ်တဲ့ နေရာတွေကို လိုက်လံစာရင်းပြုစုတော့မှာလို့ သိရပါတယ်။ အဲဒီလို စာရင်းတွေပြုစုပြီးတဲ့နောက်မှာ အများပြည်သူတွေ သိသာမြင်သာစေဖို့ အသိပေး ဗီနိုင်းဘုတ်တွေ လိုက်ကပ်မယ်၊ ပုံနှိပ် မီဒီယာ၊ ရုပ်သံမီဒီယာတွေကတစ်ဆင့် အသိပေး ကြေညာမယ်။
လိုက်နာမှုမရှိခဲ့ရင်တော့ “အသိ” ပေးမှုကနေ “သတိ” ပေး တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ အကယ်၍များ “သတိ” ပေးခြင်းကို လိုက်နာမှုမရှိခဲ့ ရင် “အရေးယူ” တဲ့အဆင့်အထိ ဖြစ်လာနိုင်ပါတယ် လို့ သိရပါတယ်
အစာမကျွေးရဆိုတဲ့ ပြဋ္ဌာန်းချက်
အသစ်ထုတ်ပြန်လိုက်တဲ့ မြို့တော်စည်ပင် သာယာရေးဥပဒေ ၂၀၁၈ ဥပဒေပုဒ်မ ၂၃၅(က) အရ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာမှာ တိရစ္ဆာန်များကို အစာမကျွေးရဆိုတဲ့ ပြဋ္ဌာန်း ချက်အရ ငွေဒဏ်၊ ထောင်ဒဏ်အဖြစ် သတ်မှတ်အရေးယူနိုင်တယ်ဆိုတဲ့ အကြောင်းလည်း သိရပါတယ်။
ဒါကြောင့် မိမိစေတနာမှ ဝေဒနာအဖြစ်သို့ ရောက်ရှိမသွားနိုင်စေရေးအတွက် နိုင်ငံကြီးသားများပီပီ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို လိုက်နာကြရန် အထူးပဲလိုအပ်ပါ တယ်။
အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ စေတနာ သဒ္ဒါတရားကြောင့်ဖြစ်စေ၊ ယတြာအရဖြစ်စေ၊ တိရစ္ဆာန်များကို သနားကြင်နာမှုကြောင့်ဖြစ်စေ၊ တိရစ္ဆာန်များ အထူးသဖြင့် ခွေးများကို ကုသိုလ်ပြု အစာကျွေးလိုပါက လိုအပ်မှုအစဉ်ရှိနေသော ခွေးဂေဟာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျွေးမွေးခြင်းဖြင့်သော်လည်းကောင်း၊ ငွေကြေးလှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ကုသိုလ်ပြုကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရ ပါကြောင်း။ ။
မြန်မာ့အလင်း