မိမိ၏ ဓာတ်ပုံအား အခြား facebook အကောင့်တွင် တင်ထားပါက ဓာတ်ပုံပိုင်ရှင်ကို facebook မှ သတိပေးသွားမည်

ဆန်ဖရန်စစ္စကို ၂၀ ဒီဇင်ဘာ


Social network တစ်ခုဖြစ်တဲ့ Facebook ဟာ သုံးစွဲသူရဲ့ Privacy လုံခြုံမှုအတွက် မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို အသုံးပြုသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နည်းပညာဟာ အခြားတစ်ယောက်က မိမိပုံပါတဲ့ ဓာတ်ပုံကို Facebook ပေါ်တွင် မိမိအား Tag တွဲခြင်း၊ အသိပေးခြင်း မရှိဘဲ တင်လိုက်ပါက မိမိအား သတိပေးချက် ပေးပို့သွားမှာ ဖြစ်ပါတယ်။ မိမိဓာတ်ပုံအား အခြားလူက profile picture သုံးထားပါကလည်း notification ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Facebook ရဲ့ Privacy Laws ဟာ တင်းကျပ်မှုရှိပြီး ယခုနည်းပညာဟာလည်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


လက်ရှိမှာတော့ အဲဒီနည်းပညာဟာ ကနေဒါနိုင်ငံနဲ့ ဥရောပ နိုင်ငံအချို့မှာ မရနိုင်သေးဘူးလို့ သိရပါတယ်။ အဲဒီ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုအချို့ ရှိနေပေမယ့် နည်းပညာကုမ္ပဏီ အချို့ဟာ အမျိုးမျိုး စမ်းသပ်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း Apple ရဲ့ နောက်ဆုံးထွက်ရှိတဲ့ iphone X မှာ မျက်နှာပြင်ကို ခွဲခြမ်းစိတ်ဖြာပြီး ဖုန်းဖွင့်တဲ့ နည်းပညာကို ထုတ်ဖော်ပြသခဲ့ပါတယ်။


Facebook ဟာလည်း မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို ၂၀၁၀ နောက်ပိုင်း သိပ္ပံနည်းပညာ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။ Facebook မှာ လူတစ်ယောက်ရဲ့ မျက်နှာကို ခွဲခြမ်းစိတ်ဖြာ မှတ်သားထားပြီး အခြားသူတစ်ယောက်က ၎င်းပုံနှင့် တူသည့်ပုံကို တင်လိုက်သည်ဟု ယူဆပါက မူရင်းဓာတ်ပုံပိုင်ရှင်ကို notification ပေးပို့ သွားမှာဖြစ်တယ်လို့ Facebook Privacy Laws လက်ထောက်အရာရှိဖြစ်သူ Rob Sherman က ပြောကြားခဲ့ပါတယ်။


အဆိုပါ နည်းပညာနှင့် ပတ်သက်ပြီး Facebook user အနေဖြင့် မိမိအကောင့်မှာ notification အဖွင့် အပိတ်ကို စိတ်ကြိုက် ပြောင်းလဲထားနိုင်မှာ ဖြစ်ပါတယ်။ 


MDN

ကိုးကား - ရိုက်တာ