၁၅ အောက်တိုဘာ
ဘရာဇီးနာမည်ကျော် တိုက်စစ်မှူးဟောင်း ရိုနယ်လ်ဒိုက သူ၏ ဘရာဇီးအသင်းနဲ့ တင်ခဲ့သည့် ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ခဲ့သော တိုက်စစ်မှူး နေမာအတွက် ချီးကျူးစာတစ်စောင်ကို အင်စတာဂရမ်ပေါ်တွင် တင်ခဲ့သည်။ အောက်တိုဘာ ၁၃ရက်က ယှဉ်ပြိုင်ခဲ့သည့် ဘရာဇီးနှင့် ပီရူးတို့၏ ပွဲတွင် နေမာက တစ်ဦးတည်း သုံးဂိုး (ဟက်ထရစ်ဂိုး) သွင်းယူနိုင်ခဲ့ကာ သွင်းဂိုး ၆၄ဂိုးအထိ ရောက်ရှိလာခြင်းကြောင့် တိုက်စစ်မှူးဟောင်း ရိုနယ်လ်ဒိုတင်ထားခဲ့သည့် သွင်းဂိုး ၆၂ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ရိုနယ်လ်ဒိုက “ဘယ်လောက်လှပတဲ့ သမိုင်းတစ်ခုကို ရေးသားနိုင်ခဲ့တာလဲ။ ကောင်းကင်က အကန့်အသတ်ရှိတာတောင် မင်းပျံသန်းပါ။ ကိုယ်တို့တွေ ပိုင်ဆိုင်တဲ့ စွမ်းဆောင်ရည်ဆိုတာ ဘယ်သူကမှ ယူဆောင်သွားလို့မရနိုင်တဲ့ အရာပါ” ဟု ရေးသားခဲ့သည်။ ရိုနယ်လ်ဒို၏ စာတွင် နေမာနှင့် ဘရာဇီးကစားသမားများ အကောင်းဆုံး စွမ်းဆောင်ရည် ပိုင်ဆိုင်ခြင်းအပေါ် ဂုဏ်ယူနေပြီး မျိုးဆက် တစ်ဆက်က အခြားတစ်ဆက်ထက် စွမ်းဆောင်ရည် ပိုကောင်းလာရေးအပေါ် အလေးထားမှုတို့ ပေါ်လွင်နေသည်။
နေမာမှာ တိုက်စစ်မှူး ရိုနယ်လ်ဒို၏ စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းနှင့်အတူ ဘရာဇီးလက်ရွေးစင်အသင်း၏ သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် ဒုတိယနေရာအထိ ရောက်ရှိလာခဲ့သည်။ ဘရာဇီးအသင်းတွင် နေမာထက် ဂိုးသွင်းများသူဆို၍ ဘရာဇီးဂန္ထဝင် ပီလီတစ်ဦးတည်းသာရှိတော့ပြီး ၎င်းမှာ သွင်းဂိုး ၇၇ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သို့ရာတွင် ဘရာဇီးအသင်းအတွက် ရိုနယ်လ်ဒိုက ကမ္ဘာ့ဖလားနှစ်ကြိမ် (၁၉၉၄၊ ၂၀၀၂)နှင့် ပီလီက သုံးကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀) ရယူပေးနိုင်ပြီး နိုင်ငံကို ကမ္ဘာ့ဖလားသမိုင်းတွင် အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းစိုက်ထူပေးထားနိုင်ခဲ့သည်။
နေမာမှာ လက်ရှိတွင် အသက် (၂၈)နှစ်သာရှိသေးသည့်အတွက် ပီလီ၏ စံချိန်ကို လိုက်မီနိုင်ရန် အခြေအနေရှိနေဆဲဖြစ်သော်လည်း လက်ရွေးစင်အသင်းနှင့် အောင်မြင်မှု လောက်လောက်လားလား ရယူနိုင်ခြင်းမရှိသေးပေ။
မေလဲ့သင်း