၁၁ ဇွန်
“တစ်ခါက ဧရာဝတီညများ” ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခေတ်ကို ရင်ဆိုင်ဖြတ်သန်း ကြီးပြင်းလာခဲ့ရတဲ့ ဖခင်က သားဖြစ်သူကိုပြောလိုက်တဲ့ စကားအကြောင်းအရာလေးတစ်ခုက အမှတ်တရ စွဲထင်ကျန်ခဲ့စေပါတယ်။ ဖခင်ဖြစ်သူက သားကို ဆုံးမစကားဆိုဖို့ အစပျိုးလိုက်တဲ့စကားလေးက “ဖေဖေတို့ ခေတ်တုန်းက ကိုယ့်နိုင်ငံအတွက် ငါတို့ ဘာလုပ်ပေးရမလဲဆိုတာ အမြဲစဉ်းစားကြပြီး သားတို့ခေတ်မှာတော့ ငါတို့ကိုနိုင်ငံတော်က ဘာလုပ်ပေးမှာပါလိမ့်လို့ မျှော်လင့်ကြတဲ့သူတွေက များတယ်”လို့ ဆိုပါတယ်။ (ဇာတ်ကားထဲမှာ ပြောလိုတဲ့ စကားအဓိပ္ပာယ်ဆိုလိုရင်းက တူညီမှာဖြစ်ပြီး၊ စကားလုံး စာသားအသုံးအနှုန်း အနည်းငယ် လွှဲမှားနိုင်မှာဖြစ်တယ်လို့ ဝန်ခံပါတယ်)
လုပ်ပေးနိုင်တဲ့ ကိစ္စတွေ
ယခုခေတ် အခြေအနေမှာ အမှန်ပင် ဒီလိုတွေးခေါ်မျှော်လင့်သူများ များစွာရှိနေတယ်ဆိုရင်တော့ နိုင်ငံအတွက် အလွန်ပင်ရင်လေးစရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ “ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာ လုပ်ပိုင်ခွင့်ရှိမှ၊ လုပ်ခွင့်ရမှ လုပ်လို့ရမှာပေါ့” လို့ ဆင်ခြေတက်စရာ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုဆိုလိုချင်တဲ့ လုပ်ပိုင်ခွင့်ဆိုတာကတော့ ရာထူးတာဝန်တွေနဲ့ တိုင်းတာစဉ်းစားခြင်းမျိုးမဟုတ်ဘဲ ကိုယ့်ဆီမှာရှိတဲ့ လုပ်ပိုင်ခွင့်လေးကို အသုံးပြုပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ တိုင်းပြည်အတွက် လုပ်ပေးနိုင်တဲ့ကိစ္စတွေ များစွာရှိကြောင်း တင်ပြလိုပါတယ်။
အလေ့အကျင့်ကောင်းလေးတစ်ခု
ဥပမာအားဖြင့် သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့ ကိုယ်တိုင်ပါဝင်ချင်တယ်ဆိုရင် အဲဒီလုပ်ပိုင်ခွင့်က ကိုယ့်လက်ထဲမှာ အပြည့်အဝရှိနေပါတယ်။ အရင်ဆုံးအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်ကြောင့်အမှိုက်မရှုပ်၊ အမှိုက်မပွစေရအောင် တာဝန်ယူကြည့်ပြီး ကိုယ့်လုပ်ပိုင်ခွင့်လေးကို အသုံးချနိုင်ပါတယ်။ တာဝန်ယူလိုစိတ် အားနည်းသူအချို့က ပြောကြတာလည်း ကြားဖူးပါတယ်။ “အမှိုက်တော့ မပစ်ရလို့ ပြောထားပြီး အမှိုက်ပုံးမှ ထားမပေး ထားတာ”တဲ့။ ဒါကလည်း သူတို့ရဲ့ အကောင်းမြင်စိတ် အားနည်းတဲ့သဘောကိုဖော်ပြပြီး တာဝန်ယူလိုစိတ်မရှိတာ ထင်ရှားသိသာလှပါတယ်။ အမှိုက်ပုံးဆိုတာကလည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ အမှိုက်တစ်ပုံးထားပေးဖို့ မဖြစ်နိုင်တဲ့ကိစ္စပါ။ အဲဒီလိုသာ ထားပေးလိုက်ရင် ပြန့်ကျဲနေတဲ့ အမှိုက်မရှိပေမယ့်လမ်းပေါ်မှာ (သို့မဟုတ်) ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှိုက်ပုံးတွေနဲ့ ပြည့်သွားနိုင်မှာဖြစ်ပါတယ်။ သင့်တော်တဲ့ အတိုင်းအတာ အကွာအဝေးတိုင်းမှာတော့ အမှိုက်ပုံးတွေ ထားပေးတတ်ပါတယ်။ အဲဒီအမှိုက်ပုံးရှိတဲ့နေရာကိုတော့ ကိုယ့်အနေနဲ့ အနည်းငယ် အားစိုက်ထုတ်ပြီး ရောက်အောင်သွားရမှာ ဖြစ်ပါတယ်။ ဒါကလည်း သိပ်အပန်းကြီးလှတဲ့ ကိစ္စတော့မဟုတ်ပါ။ အမှိုက်ထည့်သင့်တဲ့နေရာကို အမှိုက်ပစ်တာကိုက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်းနဲ့ ကိုယ်တတ်နိုင်သလောက်ကိုယ့် ပတ်ဝန်းကျင်အတွက် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချခြင်းလို့ ယူဆနိုင်ပါတယ်။ အမှိုက်ပုံးကိုမရှာချင်လို့ပဲဖြစ်ဖြစ်၊ ရှာဖို့အချိန်မရလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် အမှိုက်ပုံးမတွေ့ခဲ့ရင်တောင် ကိုယ့်ရဲ့အမှိုက်ကို ကိုယ်နဲ့တစ်ပါတည်း ခေတ္တသိမ်းဆည်းကိုင်ဆောင်ထားတာကလည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်အပေါ်ထားတဲ့ စေတနာကောင်းလေးနဲ့ အလေ့အကျင့်ကောင်း လေးတစ်ခု ဖြစ်ပါတယ်။
သန့်ရှင်းမှုဂုဏ်ကို ထိန်းသိမ်းပေး
ဂျပန်နိုင်ငံကို ရောက်ဖူးကြသူများဆီက သူတို့အတွေ့အကြုံအရ ပြောပြတဲ့အကြောင်းအရာတစ်ခုကို မျှဝေပေးလိုပါတယ်။ ဂျပန်လူမျိုးတွေက သူတို့လုပ်ငန်းခွင်အသီးသီးကနေ ညနေအိမ်ပြန်ရောက်တာနဲ့ သူတို့ယူသွားတဲ့ အိတ်ကို သွန်ချပြီး ရှင်းကြပါတယ်တဲ့။ အဲဒီအိတ်ထဲမှာတော့သူတို့ရဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေအပြင် အမှိုက်ထည့်ထားတဲ့ စက္ကူအိတ်၊ ပလတ်စတစ်အိတ်တွေလည်း တွေ့ရပါတယ်တဲ့။ အဲဒီအမှိုက်တွေကတော့ သူတို့ကိုယ်ပိုင်အသုံးပြုတဲ့ အရာတွေရဲ့ အမှိုက်တွေပါဝင်သလို သွားရင်းလာရင်းနဲ့ သူတို့ရဲ့ဘေးပတ်ဝန်းကျင်မှာ တွေ့ခဲ့တဲ့အမှိုက်တွေပါ ကောက်ထည့်လာ တယ်လို့ဆိုပါတယ်။ တစ်ခါတလေမှာတော့ သွားရင်းလာရင်းအမှိုက်ပုံးတွေ့လို့ ထည့်ခဲ့ရတာမျိုးရှိပေမယ့် အချိန်မရတဲ့ အခါမျိုးမှာတော့အခုလို အိမ်ရောက်မှ ပြန်ရှင်းကြရတယ်လို့ ပြောပါတယ်။ သေချာတာတစ်ခုကတော့ ဂျပန်လူမျိုးတွေက သူတို့ကိုယ်တိုင်အမှိုက်ကို တွေ့တဲ့နေရာမှာမပစ်သလို သွားရင်းလာရင်းတွေ့တဲ့ အမှိုက်အပိုင်းအစကိုတောင် တာဝန်ယူတဲ့စိတ်နဲ့ကောက်ပြီး ကိုယ့်နိုင်ငံရဲ့သန့်ရှင်းမှုဂုဏ်ကို ထိန်းသိမ်းပေးကြတာဖြစ်ပါတယ်။
ကောင်းကျိုးများစွာ ခံစားရရှိနိုင်
လူတိုင်းလူတိုင်းကသာ အဲဒီတာဝန်လေးတစ်ခုကို နိုင်ငံအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ့်ရဲ့လုပ်ခွင့်ရပြီးသား လုပ်ပိုင်ခွင့်အဖြစ်ခံယူကျင့်သုံးပြီး ရထားသလောက် လုပ်ပိုင်ခွင့်လေးနဲ့ ပတ်ဝန်းကျင်အတွက်အကောင်းဆုံးတွေ ဖန်တီးပေးနိုင်မယ်ဆိုရင် ကိုယ်တိုင်လည်းကောင်းကျိုး များစွာခံစားရရှိနိုင်စေမှာ ဖြစ်ပါတယ်။
ကိုယ်ရယူပိ်ုင်ဆိုင်လိုတဲ့ အရာတွေကို ကိုယ့်ဘက်ကအစပျိုးပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပေးဆပ်ကြည့်မယ်ဆိုရင် အဲဒီရလဒ်အကျိုးကျေးဇူးတွေကို ကိုယ်အပါအဝင် ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးက ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုဟာ အဖွဲ့အစည်းရဲ့တိုးတက်မှုဖြစ်တယ်လို့ ဆိုနိုင်သော်လည်း မိမိရဲ့တိုးတက်မှုကို အဖွဲ့အစည်းအတွက် အသုံးချခြင်းမရှိရင် မည်မျှပင် စွမ်းဆောင်ရည်ပြည့်ဝသူဖြစ်စေကာမူ အချည်းအနှီးသာဖြစ်ပါမယ်။ သို့ဖြစ်၍ မိမိတိုးတက်မှုဟာ အများအတွက်အသုံးဝင်တဲ့ ပေးဆပ်မှုကိုဆောင်ကြဉ်းနိုင်ဖို့ လိုအပ်သကဲ့သို့ အဖွဲ့အစည်း ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့်လည်း တစ်ဦးချင်းစီအတွက်ကောင်းကျိုးရလဒ်များ မျှဝေခံစားရရှိနိုင်မယ်လို့ ယုံကြည်ကြလျက် လုပ်ပိုင်ခွင့် ရှိသလောက်လေးနဲ့စတင်နိုင်ကြဖို့ မျှော်လင့်ရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာ အေးအေးဝင်း (Statistics)