ငယ်စဉ်ကလေးဘဝက    အခြေခံပညာကျောင်းများတွင်  မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်ကို ကောင်းအောင်ကြိုးစားမည်ဟု ကျောင်းသား ကျောင်းသူကလေးငယ်များ နေ့စဉ်ရွတ်ဆိုခဲ့ကြဖူးသည်။ မိမိကိုယ်နှိုက်ကအစပြု၍ မိမိကျောင်း၊  မိမိမြို့၊  မိမိနိုင်ငံအထိ တိုးတက်ကောင်းမွန်လာအောင်ကြိုးပမ်းအားထုတ်ကြမည်  ဟူသည့်   နိုင်ငံအတွက်အရေးပါသော သန္နိဋ္ဌာန်များကို ချမှတ်ခဲ့ကြဖူးသည်။


ယနေ့အချိန်အခါတွင် အဆိုပါသန္နိဋ္ဌာန်နှင့်အညီ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့အသိုင်းအဝိုင်း၊ မိမိတို့နိုင်ငံအတွက်   မိမိတို့လိုက်နာကျင့်ကြံခဲ့ပါ ၏လောဟု သုံးသပ်ကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေး သောနိုင်ငံဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသားတိုင်းသည်ကိုယ်စီ ကိုယ်စီ စည်းကမ်းလိုက်နာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင်ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။


ထိုသို့ဆောင်ရွက်ကြရာတွင်  အခြေခံအကျဆုံးဖြစ်သည့်  အမှိုက်ကောက်ခြင်း၊ အမှိုက်ပစ်ခြင်း စသည့် သေးငယ်သောအမှုကိစ္စမှအစပြု၍ မိမိတို့လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိကိုလေ့လာဆန်းစစ်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။    ယင်းအချက်နှင့်ပတ်သက်၍  မတ်လ  ၁၄  ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်  နယ်မြေဒေသများသို့ ကွင်းဆင်း သွားရောက်ရာ တွင် အမှိုက်ပစ်ခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် မေးမြန်းလေ့ရှိသည်။ ဒေသနှစ်ခုမှ ပြည်သူများသည် အမှိုက်ပစ်ခြင်းနှင့်ပတ်သက်၍  အခြားအကြောင်းရပ်များအပေါ်တွင် ယိုးမယ်ဖွဲ့ပြောကြားကြပြီး ဒေသတစ်ခုမှ ပြည်သူများမှာ မိမိတို့ကြောင့် ဖြစ်သည်ဟု  ဝန်ခံပြောကြားခဲ့သည်။  ဝန်ခံခြင်းသည် ရိုးသားခြင်းကိုဆောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်ကာ ကောင်းသောလက္ခဏာပင် ဖြစ်သည်။


မိမိတိုင်းပြည် ကောင်းမွန်ရေး၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရာ၌ ပြည်သူများအနေဖြင့် အမှိုက်ပစ်ခြင်းဟူသည့်အခြေခံကျသော အလေ့အထမှစတင်၍ ကိုယ်စီ ကိုယ်စီ တာဝန်သိစွာဖြင့်ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့မြို့၊ ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်ပစ်ခြင်းကို သူတစ်ပါးတို့အား အပြစ်တင်ပြောဆိုနေမည့်အစား   မိမိတို့   တစ်ဦးချင်း တစ်ယောက်ချင်း တာဝန်သိစွာဖြင့်ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့မြို့၊ ရွာ၊ တိုင်းပြည်ကောင်းအောင် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေသောနိုင်ငံဖြစ်ပြီး ဒီမိုကရေစီနှုန်းစံများအရ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်ရှိသည်မှန်သော်လည်း မိမိကိုယ်ကို ဝေဖန်ခြင်း၊ မိမိကိုယ်ကိုမိမိ ပြုပြင်ခြင်းသည်လူတိုင်း၊ လူတိုင်းအတွက် အရေးကြီးသော ကနဦးလိုအပ်ချက်ပင်ဖြစ်သည်။ မိမိတို့ကိုယ်နှိုက်က အခြေခံမှစတင်၍    ပြုပြင်ပြောင်းလဲလုပ်ဆောင်နိုင်ခြင်း မရှိပါက  နိုင်ငံတကာအလယ်တွင်  တင့်တယ်သည့်နိုင်ငံအဖြစ်သို့ရောက်ရှိနိုင်လိမ့်မည်မဟုတ်ချေ။


အနာဂတ်နိုင်ငံတော်ကို မှန်မှန်ကန်ကန်  ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန်အတွက် သူတစ်ပါးအား အပြစ်တင်သည့်စိတ်ထား များအား ဖယ်ရှား၍ မိမိကိုယ်ကို ဝေဖန်သုံးသပ်၍ မိမိကိုယ်ကို ကောင်း အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ မှားယွင်း သော အလေ့အထများကို ပယ်ဖျောက်၍ တိုင်းပြည်၏အနာဂတ်အတွက်ယခုပစ္စပ္ပုန်တွင် လမ်းမှန်ကမ်းမှန် လျှောက်လှမ်းကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ   ဖွံ့ဖြိုးတိုးတက်သည့်      ကောင်းမွန်သောနိုင်ငံသစ်ကိုတည်ဆောက်ရာ တွင် ငယ်စဉ်ကာလ ကျောင်းသားဘဝက သန္နိဋ္ဌာန်ပြုခဲ့ကြသည့်အတိုင်းလူတိုင်း၊  လူတိုင်းသည် မိမိကိုယ်ကို ကောင်းအောင်ကြိုးစား ပြီး မိမိမြို့၊ ရွာ၊ မိမိတိုင်းပြည် တိုးတက်ကောင်းမွန်အောင် တာဝန်သိသိ၊ အသိစိတ်ဓာတ်ရှိရှိဖြင့် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။     ။


ကြေးမုံ