နေပြည်တော်၊ ဧပြီ ၈

ပြည်သူ့စစ်မှုထမ်းဥပဒေကို  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ   မတ် ၉ ရက်မှစ၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက် ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြ သည်။         

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာကြသူများအနက် သင်တန်းတက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအား စုဖွဲ့၍ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ က်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က ဖွင့်ပွဲသို့ တက်ရောက်အားပေး ချီးမြှင့်ကြကာ သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်း ကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) မှ သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသားများအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁)တွင် တက်ရောက် ကြမည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ရခြင်းဖြစ်သည်။ ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ သင်တန်းသားများအနေဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသူများ ဖြစ်ကြပြီး နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင် ကြတော့မည်ဖြစ်ကာ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁)မှ သင်တန်းသားများ နှင့် တာဝန်ရှိသူများ၏ စကားသံ များကိုလည်း ယခုလိုပဲ ကြားသိရပါသည်-

 

mdn

 

“ကျွန်တော်တို့ ဒီပြည်သူ့စစ်မှုထမ်း မွမ်းမံသင်တန်း စတင်ဖွင့်လှစ်မယ်ဆိုတဲ့ အခါမှာ ကျွန်တော်တို့ နည်းပြတွေ စပြီးတော့ စုဖွဲ့ရပါတယ်။ စုဖွဲ့ပြီးတဲ့အခါမှာ နည်းပြတွေ စနစ်တကျသင်ကြားပေးနိုင်ဖို့အတွက် မွမ်းမံ သင်တန်းတွေ ဖွင့်လှစ်တယ်။ ဖွင့်လှစ်ပြီးတော့မှ သင်တန်းသားတွေနဲ့ အခုသင်ကြားပေး ရမယ့် အခြေခံစစ်ရေးပြ၊ လက်နက်ငယ်ပြီးရင် ပြည်သူ့စစ်သင်တန်းမှာ သင်ကြားပေးရမယ့် ဘာသာရပ်အလိုက် နည်းပြတွေ စုဖွဲ့ပြီးတော့မှ စနစ်တကျနဲ့ သင်ကြားပေးနိုင်ဖို့အတွက် အားလုံးဆောင်ရွက်ထားပါတယ်။ အရပ်သားတွေ ဖြစ်တဲ့အတွက် သူတို့တွေ စစ်ပုံကျနမှုရှိစေရေးအတွက် ပထမဦးဆုံး သူတို့ရောက် လာပြီဆိုတာနဲ့ ယူနီဖောင်းစတင် ဝတ်ဆင်မယ်ဆိုရင် ဖိနပ်မှအစ ဦးထုပ်အဆုံးပေါ့။ ယူနီဖောင်းတွေ စနစ်တကျ ဝတ်ဆင်ရေး၊ ဖိနပ်တွေ စနစ်တကျစီးတတ်စေရေး၊ ပြီးရင်ချပ်ဝတ်တန်ဆာ ပလာတွေကို စနစ်တကျနဲ့ ဝတ်ဆင် တတ်စေဖို့အတွက် နည်းပြအရာရှိ၊ နည်းပြဆရာကြီးတွေ ကြီးကြပ်ပြီးတော့မှ သူတို့ကို အသေးစိတ်သင်ကြားပြသ လေ့ကျင့်ပေးခဲ့ပါတယ်ခင်ဗျာ။ သူတို့အတွက် ဒီသင်တန်းကနေပြီးတော့မှ အတွေ့အကြုံ တွေအများကြီးရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာတွေရရှိမယ် ဆိုလို့ရှိရင် အရပ်သားဘဝကနေ စစ်မှုထမ်းဘဝကို ကူးပြောင်းလာတာဖြစ်တဲ့အတွက် နံပါတ် (၁) သူတို့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေ ကြံ့ခိုင်လာမယ်။ အဲဒါပြီးရင် သူတို့တွေ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်လာမယ်။ ဒါ့အပြင် အချိန်ကိုက် စစ်သင်တန်းဖြစ်တဲ့အတွက် သူ့ရဲ့သတ်မှတ်ချိန်အတိုင်း ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သူတို့တွေဟာ အချိန်ကိုက်လုပ်ဆောင် တတ်လာမယ်။ အဲဒါအပြင် မိမိတို့ဒီမှာရှိတဲ့ တစ်နေရာစီကနေ လာရောက်ကြတာ၊ လာရောက်ပြီးတော့ ဒီမှာစုစည်းပြီးနေရတာဖြစ်တဲ့အတွက် သူတို့ရဲ့ညီရင်းအစ်ကိုပမာ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက်ချစ်ချစ်ခင်ခင် နေတတ်လာမယ်။ ပြီးတော့မှ ဒီကနေပြီးတော့ သူတို့တွေ စိတ်ဓာတ်နဲ့ ခံယူချက်တွေမြင့်မားလာဖို့ ကျွန်တော်တို့ သင်ကြားပို့ချပေးလိုက်တဲ့အခါမှာ သူတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာမယ်။ အဲဒီကစပြီးတော့မှ မိမိရဲ့မိသားစု၊ မိမိရဲ့မြို့ရွာ၊ မိမိရဲ့နိုင်ငံအထိ တန်ဖိုးထားချစ်တတ် လာမယ်လို့ ထင်မြင်မိပါတယ်။

 

mdn

 

ရာသက်ပန် ဗိုလ်လောင်းတက်ဖို့ အစီအစဉ်ရှိ

 

“ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက စစ်သားလုပ်ရတာကို စိတ်ဝင်စားပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အဖေ၊ အမေက သဘောမတူလို့ ကျွန်တော် လျှောက်ခွင့်တောင်မရခဲ့ပါဘူး။ အခုတော့ ဘွဲ့ရပြီးတော့ ကျောင်းပြီးတဲ့အချိန်မှာ ဒီစစ်မှုထမ်းဥပဒေလည်း ထွက်တဲ့အချိန် ကျွန်တော်အလွန်ဝမ်းသာစွာနဲ့ ကိုယ့်ဆန္ဒနဲ့ ကျွန်တော့်မြို့နယ်မှာ စာရင်းသွင်းပြီး ဝင်ခဲ့တာဖြစ်ပါ တယ်။ ကျွန်တော့်ပညာ အရည်အချင်းကတော့ (Bachelor) ဘွဲ့ကို အမေရိကကနေ ကျောင်းပြီးပါတယ်။ မဟာဘွဲ့ကိုတော့ ဥရောပမှာရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံ ကနေပြီးတော့ ကျောင်းပြီးထားပါတယ်။ ကျွန်တော်ဒါပြီးရင် အခွင့်အရေးပေးရင်တော့ ဗိုလ်လောင်း သင်တန်းတက်ဖို့ အစီအစဉ်ရှိပါတယ်။

“နိုင်ငံသားတိုင်း ဒီတာဝန်ကို မလွဲမသွေ ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် အစောဆုံးအပတ်စဉ်တွေမှာ ကျွန်တော်တို့သာ တကယ်ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ဆိုရင် နောက်လူတွေကိုလည်း နည်းပေးလမ်းပြစံပြဖြစ်အောင် နေလို့ရတယ်လို့ ကျွန်တော်တို့ခံယူလို့၊ မိဘကိုလည်း ကိုယ်တိုင်ခွင့်ပန်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ထွေ/အုပ်တွေကနေ တစ်ဆင့် ကျွန်တော်တို့ အကုန်လုံးကို အစီအစဉ်တကျ စနစ်တကျ အတိုင်း မိမိဆန္ဒအလျောက် ဆန္ဒပြုပြီးလာခဲ့တာပါ။ ကျွန်တော် တို့မနက်စာဆိုရင် ဒီနေ့မနက်ဆိုရင် ထမင်းကြော်နဲ့ ကြက်ဥနဲ့ လက်ဖက်ရည်နဲ့။ နေ့လယ်ဆိုရင် ကျွန်တော်တို့ ပုံမှန်စားနေကျဆိုရင် အသားဟင်းရယ်၊ ပဲဟင်းရယ်၊ အစိမ်းကြော်လေး တစ်မျိုးမျိုးပေါ့။ ညနေဘက်ဆိုရင်လည်း ဒီလိုပဲ အသားဟင်း တစ်ခွက်ပါမယ်၊ အစိမ်းကြော်ပါမယ်၊ တစ်ခါတလေ ငါးပိထောင်းပါတယ်၊ အချဉ်ဟင်းလေး ဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုး အဆင်ပြေပါတယ်။ နေရာမျိုးစုံကလာတယ်ဆိုပေမယ့် အကုန်လုံးက  စနစ်တကျဖြစ်တဲ့အတွက်၊ အကုန်လုံး သန့်သန့်ရှင်းရှင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ စနစ်တကျနေရတယ်။ ရေ၊ မီး ဆိုလည်း အကုန်လုံး လိုအပ်သမျှ စီစဉ်ပေးထားတယ်။ ကျွန်တော်က တော့ အကုန်လုံးကောင်းတယ်လို့ မြင်ပါတယ်ခင်ဗျာ။