ကောင်းမွန်

 

မိမိတို့ဘဝ၌ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း၌ဖြစ်စေ ကြီးမားသောအောင်မြင်မှု ရရှိလိုသူတိုင်းအတွက် အရေးပါသည့် အရည်အချင်းတစ်ရပ်မှာ ဆက်သွယ်မှုအရည်အသွေး ပြည့်ဝနေခြင်း၊ ဆက်ဆံရေးအရည်အသွေး ကောင်းမွန်နေခြင်း ပင်ဖြစ်သည်။

 

ယနေ့ကာလသည် ခလုတ်တစ်ချက်နှိပ်ရုံမျှပင် သတင်းအချက်အလက်များကို အလွယ်တကူ လေ့လာသိရှိနိုင်သည့် နည်းပညာများကို အလွယ်တကူလေ့လာနိုင်သည့် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာခေတ် ကာလပင် ဖြစ်သည်။ ကမ္ဘာ့တစ်ဖက်ခြမ်းရှိ ပုဂ္ဂိုလ်များသည် အခြားကမ္ဘာ့တစ်ဖက်ခြမ်း၌ ရောက်ရှိနေသူများနှင့် ဆက်သွယ်ရေးမှာ လအတန်ကြာ သို့မဟုတ် ရက်ပေါင်းအတန်ကြာရန်ပင် မလိုတော့ဘဲ ကွန်ပျူတာများ၊ တယ်လီဖုန်း၊ တယ်လီဖက်စ် များဖြင့် စက္ကန့်အနည်းငယ်အတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်သည်။ လိုအပ်သည့် သတင်းအချက်အလက် များကို ပိုမိုလျင်မြန်စွာ၊ ပိုမိုထိရောက်စွာပေးပို့ခြင်း၊ လက်ခံရရှိခြင်းဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်စေနိုင်သော ဆန်းပြားသည့်နည်းပညာကို ရရှိနေပြီဖြစ်သည်။

 

မနေ့တစ်နေ့ကပင် နယူးဇီလန်နိုင်ငံနှင့် အခြားကမ္ဘာ့တစ်ဖက်ခြမ်းရှိ စပိန်နိုင်ငံတောင်ပိုင်း၌ လူပုဂ္ဂိုလ်နှစ်ဦး အချိန်ကိုက်ဆက်သွယ်ကြပြီး တစ်ချိန်တည်းတွင် ကမ္ဘာမြေဆင်းဒွပ်စ် (Earth sandwich) လုပ်စားကြသည့် သတင်း အစီအစဉ်တစ်ခုကို ကြည့်လိုက်ရသေးသည်။

 

သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အလွန်အမင်းတိုးတက်နေသည့် ခေတ်ကာလတွင် မိမိတို့၏ ဆက်သွယ်မှု အရည်အသွေးနှင့်ပတ်သက်၍ ပြန်လည်ဆန်းစစ်ကြည့်ကြပါစို့။ လူတို့ပြောကြားသည့် နှုတ်စကားတို့တွင် စွမ်းပကား ရှိသည်။ သို့စေကာမူ လူအများအပြားတို့သည် ၎င်းတို့ထံ လာရောက်အလုပ်အပ်နှံသူများ၊ မိတ်ဆွေအပေါင်းအသင်း များ၊ ယုတ်စွအဆုံး မိမိတို့၏ မိသားစုဝင်များနှင့်ပင် စကားပြောဆိုရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြကြောင်း တွေ့ရှိရတတ်သည်။

 

သင်စကားပြောသည့်အခါ အခြားသောသူများက စိတ်ဝင်တစား နားထောင်ကြပါသလား။ အလားတူ အခြားသူများ စကားပြောသည့်အခါ သင့်အနေဖြင့် အသေအချာ နားထောင်ပါသလား။ မိမိတို့သည် မိမိတို့ပတ်ဝန်းကျင်၌ စိတ်ဝင် စားဖွယ်ကောင်းသူများ၊ မိမိတို့အပေါ် စိတ်ဝင်စားသူများအပေါ်သာ အလေးဂရုပြုလေ့ ရှိတတ်ပါသည်။

 

အရည်အသွေးပြည့်ဝသော ဆက်ဆံရေးကောင်းမွန် သူတစ်ဦးဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသူတစ်ဦး ဖြစ်ရုံမျှမက အခြားသူများပြောကြားသည့် အရာများအပေါ် စိတ်ဝင်စားတတ်သည့် အရည်အသွေးရှိသူတစ်ဦးလည်း ဖြစ်သည်။

 

လှုပ်ရှားတက်ကြွသော ဆက်ဆံရေး၌ အခြားသူတစ်ဦးက စကားပြောနေချိန်တွင် အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်ခြင်း သို့မဟုတ် စကားမပြတ်စေရန် “ဆက်ပြောပါ” သို့မဟုတ် အခြားသင့်လျော်သောနည်းဖြင့် စကား ထောက်ပေးခြင်း စသည်တို့ ပါဝင်သည်။ ဥပမာအားဖြင့် လူနှစ်ဦး မျက်နှာချင်းဆိုင်ပြောဆိုနေချိန်တွင် မျက်လုံးချင်း အဆက်အသွယ်ပြုခြင်း၊ တစ်ဖက်မှပြောကြားသည့် အရာနှင့်ပတ်သက်၍ အလျဉ်းသင့်တိုင်း မှတ်သားခြင်း၊ တစ်ဖက်သူပြောကြားချက်ကို ပြန်လည်ရွတ်ဆိုခြင်းဖြင့် အခြားသူပြောကြားနေသည့် အကြောင်းအရာအပေါ် အလေးထားပြီး ၎င်း၏ ပြောကြားချက်များ၊ စကားလုံးများအပေါ် အလေးဂရုပြုကြောင်းကို အသိပေးဖော်ပြရာ ရောက်ပါသည်။

 

သင့်အနေဖြင့် စစ်မှန်စွာ နားထောင်တတ်ပါက သင့်အနေဖြင့် တစ်ဖက်ကပြောကြားနေသူအပေါ် လေးစားမှုကို ပြသရာလည်း ရောက်ပါသည်။ များသောအားဖြင့် လူတို့သည် မိမိတို့အပေါ် အလေးထားသူ တစ်ဦးမဟုတ်တစ်ဦးကို မိမိတို့အနီး၌ ရှိစေလိုတတ်သည်။ သင့်အနေဖြင့် အခြားသူတစ်ဦးပြောကြားသည့် အကြောင်းအရာအပေါ် အလေးထား နားထောင်တတ်သူဖြစ်ပါက သင်၏ဝန်းကျင်၌ မိတ်ဆွေအပေါင်းအသင်းများ၊ အလုပ်အပ်နှံလိုသူများနှင့် ပြည့်နှက်နေမည် ဖြစ်သည်။

 

ပိုမိုအရည်အသွေးပြည့်ဝသော ဆက်သွယ်ရေးကောင်းမွန်သူတစ်ဦး ဖြစ်လာရေးမှာ စိတ်ရှည်မှုနှင့် အလေ့အကျင့်တို့ လိုအပ်ပါသည်။ တစ်ဖက်က ပြောကြားနေသူ၏ ခြေလက်အင်္ဂါလှုပ်ရှားမှုများကို အသေးစိတ် လေ့လာကြည့်ရှုခြင်းဖြင့် သဲလွန်စများ ရယူနိုင်သည်။ ဥပမာအားဖြင့် သင်စကားပြောနေစဉ် တစ်ဖက်လူသည် ရှေ့တိုးနောက်ငင် လှုပ်ရှားနေ ပါသလား သို့မဟုတ် စကားပြောရင်း သင်နှင့်ဝေးရာသို့ တဖြည်းဖြည်းချင်း ရွှေ့နေပါသလား။ ယင်းအချက်နှစ်ခု လုံးက သင်ပြောကြားနေသည့် အကြောင်းအရာအပေါ် တစ်ဖက်သားအနေဖြင့် စိတ်ဝင်စားမှုမရှိကြောင်း သို့မဟုတ် စိတ်မသက်မသာဖြစ်နေကြောင်း ပြသရာရောက်သည်။

 

သင့်အနေဖြင့် ပင်ကိုအသိစိတ်ကို အရင်းခံ၍ အခြားသူများနှင့် ဆက်သွယ်ကြည့်သည့်အခါ တစ်ပါးသူတို့၏ ခံစားချက် ကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။ သင်၏ ဆက်သွယ်မှုအရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် လေ့ကျင့်ခြင်းဖြင့် ပိုမိုလိုလားနှစ်သက်ဖွယ်ကောင်းသည့် နေထိုင်မှုဘဝတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။

 

သင့်အနေဖြင့် အရည်အသွေးပြည့်ဝသော ဆက်သွယ်ရေးကောင်းမွန်သူတစ်ဦးဖြစ်ပါက သင်၏လူမှုရေး ပြက္ခဒိန်၌ လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ လူတို့က ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေး ဆောင်ရွက်ချက် အစီအစဉ်တို့တွင် သင့်အနေဖြင့် ပါဝင်တက်ရောက်ရန် လိုလိုလားလား ဖိတ်ကြားကြလိမ့်မည်။ အကြောင်းရင်းမှာ သင့်အနေဖြင့် တစ်ဖက်သူတို့အား ထူးခြားကြောင်း၊ အရေးကြီးကြောင်း ခံစားမိစေခြင်းကြောင့် ဖြစ်သည်။ လူတို့သည် သင်၏စွမ်းပကားကိုနှစ်သက်၍ ၎င်းတို့သိရှိသည့် လူပုဂ္ဂိုလ်များအကြား သင့်အနေဖြင့် စိတ်ဝင်စားဖွယ် အကောင်းဆုံးသူများအနက် တစ်ဦးအပါအဝင်အဖြစ် မှတ်ယူကြလိမ့်မည်ဖြစ်သည်။

 

သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ သင့်ထံလာရောက်၍ အလုပ်အပ်နှံသူများအနေဖြင့် သင်၏ စစ်မှန်ရိုးသားမှုကို တွေ့ရှိပြီး ၎င်းတို့၏ပြောကြားချက်များအပေါ် သင့်အနေဖြင့် အမှန်တကယ် စိတ်ပါဝင်စားစွာ နားထောင်တတ် ကြောင်း သိရှိကြသည့်အလျောက် သင်၏စီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်စေရန်လည်း အထောက်အကူပြုစေမည် ဖြစ်သည်။

 

အောက်ဖော်ပြပါ အလေ့အထများမှာ မိမိတို့၏ ဆက်သွယ်ရေးအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန် နေရာမရွေး၊ အချိန်မရွေး လေ့ကျင့်နိုင်သည့် လမ်းညွှန်မှုများပင်ဖြစ်သည်-

 

(က) စစ်မှန်သည့် ဆက်သွယ်ရေးကို သဘောပေါက်နားလည်ခြင်း

ဆက်သွယ်ရေးဆိုသည်မှာ ပေးပို့သူနှင့် လက်ခံသူတို့ နှစ်ယောက်အကြား သတင်းအချက်အလက်၊ သင်္ကေတများကို နည်းလမ်းအမျိုးမျိုးအသုံးပြု၍ လွှဲပြောင်းပေးပို့သည့် လုပ်ငန်းစဉ်ပင် ဖြစ်သည်။ အဆိုပါနည်းလမ်းများ၌ နှုတ်မှ ထုတ်ဖော်ပြောကြားသော စကားလုံးများသာမက နှုတ်မှ ထုတ်ဖော်ပြောကြားခြင်းမပြုသည့် သဲလွန်စများလည်း ပါဝင်ကြသည်။ ဖော်ပြပါလုပ်ငန်းစဉ်မှာ ဆက်ဆံရေးကို တည်ဆောက်သော၊ ပြုပြင်သော ယန္တရားလည်း ဖြစ်သည်။

 

(ခ) အပြုသဘောဆောင်သော သဘောထားနှင့် ယုံကြည်ချက်တို့ကို ထားရှိခြင်း၊

ဆက်ဆံရေးလုပ်ငန်းစဉ်အပေါ်ထားရှိသည့် သင်၏ သဘောထားမှာ ဖော်ပြလိုသော သင်၏သွင်ပြင်အနေ အထားနှင့် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရေးတို့အပေါ် ကြီးမားသောအကျိုးသက်ရောက်မှု ဖြစ်စေသည်။ သို့ဖြစ်၍ ရိုးသားခြင်း၊ စိတ်ရှည်ခြင်း၊ အပြုသဘောဆောင်ခြင်း၊ စစ်မှန်ခြင်း၊ လေးစားရန်ကောင်းခြင်း၊ တစ်ပါးသူများအား လက်ခံခြင်း စသည့်အချက်များကို လေ့ကျင့်ပျိုးထောင်ပါ။ တစ်ပါးသူများ၏ ခံစားချက်ကို နားလည်ပြီး ယင်းတို့၏ လုပ်ဆောင်နိုင်မှုအပေါ် ယုံကြည်ပါ။

 

(ဂ) မျက်လုံးချင်း အဆက်အသွယ်ရှိခြင်း

သင့်အနေဖြင့် ပြောကြားသူဖြစ်စေ၊ နားထောင်သူဖြစ်စေ၊ စကားပြောကြားသည့်အခါ တစ်ဖက်သား၏ မျက်လုံးကို ကြည့်နေခြင်းက အပြန်အလှန်ဆက်သွယ်မှုကို ပိုမိုထိရောက်မှု ရှိစေတတ်ပါသည်။ မျက်လုံးချင်း အဆက်အသွယ် ပြုခြင်းက စိတ်ဝင်စားမှု ပိုမိုရှိစေပြီး အပြန်အလှန်အားဖြင့် တစ်ဖက်ပြောဆိုနေသူကလည်း သင့်အပေါ် အာရုံစူးစိုက်မှု ရှိစေတတ်ပါသည်။ လူအများအပြားနှင့် ဆက်ဆံပြောကြားရသည့် အနေအထားမျိုးတွင် သင့်အနေဖြင့် ပရိသတ် အကြားလှည့်လည်၍ မျက်လုံးချင်း အဆက်အသွယ်ပြုခြင်းက နားထောင်နေသူများအကြား သင်ပြောကြားနေသည့် အကြောင်းအရာအပေါ် အာရုံစူးစိုက်မှုကို ဖြစ်စေတတ်ပါသည်။

 

(ဃ) မိမိ၏ ကိုယ်လက်အင်္ဂါလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဂရုပြုခြင်း

မိမိတို့၏ ကိုယ်လက်အင်္ဂါလှုပ်ရှားမှုများက ရံဖန်ရံခါနှုတ်မှ ပြောကြားချက်များထက် ပိုမိုထိရောက်မှုရှိစေတတ် ပါသည်။ လက်နှစ်ဖက်ကို ဘေး၌ သက်သောင့်သက်သာ အနေအထားဖြင့် ပွင့်လင်းသော ကိုယ်ဟန်အနေအထားက သင့်အား အနီးရှိသူများအနေဖြင့် ချဉ်းကပ်နိုင်ပြီး သင့်အနေဖြင့်လည်း ၎င်းတို့ပြောကြားမည့် အကြောင်းအရာများ အပေါ်နားထောင်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြသရာ ရောက်ပါသည်။ လက်ကိုပိုက်ထားပြီး ပခုံးကို ကျုံ့ထား ခြင်းက တစ်ဖက်သားနှင့် ဆက်သွယ်ရန် လိုလိုလားလား မရှိကြောင်းနှင့် စကားစမြည်ပြောကြားရန် စိတ်ဝင်စားမှု မရှိကြောင်း ပြသရာရောက်ပါသည်။ သင့်လျော်သည့် ကိုယ်ဟန်အနေအထားနှင့် ချဉ်းကပ်နိုင်သည့် အနေအထား တို့က ခက်ခဲသည့် စကားစမြည်ပြောကြားမှုကိုပင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်စေနိုင်ပါသည်။

 

(င) မိမိတွေးတောသည့်အတိုင်း ပြောကြားရန် သတ္တိရှိခြင်း

ပြောဆိုနေသည့် အကြောင်းအရာနှင့်ပတ်သက်၍ သင့်အနေဖြင့်လည်း အဓိပ္ပာယ်ပြည့်ဝသော၊ တန်ဖိုးရှိသော ပံ့ပိုးမှုပေးနိုင်ကြောင်း ယုံကြည်မှုရှိပါစေ။ သင်၏ အယူအဆများ၊ ခံစားချက်များကို ပြောကြားသည့်အခါ မိမိ၏ ဆိုလိုရင်းကို ထိရောက်စွာပြောကြားနိုင်ရန်အတွက် အဆိုပါအယူအဆများ၊ ခံစားချက်များကို ကောင်းစွာ သဘောပေါက်စေရန် နေ့စဉ် အချိန်အနည်းငယ်မျှလေ့ကျင့်သင့်သည်။

 

(စ) မိမိပြောကြားချက်ကို ကြားသိစေရန် ရှင်းလင်းစွာပြောကြားခြင်း

သင့်အနေဖြင့် တွေးတောသည့်အတိုင်း ပြောကြားသည့်အခါ တစ်ဖက်ကလည်း သိရှိစေရေးအတွက် ရှင်းလင်းစွာ ပြောကြားရန် ယုံကြည်မှုရှိပါစေ။ သင့်လျော်သည့် လေယူလေသိမ်း၊ လေသံအနိမ့်အမြင့် စသည်တို့က သင့်အနေဖြင့် အမှန်တကယ် ယုံကြည်သည့်အတိုင်း ပြောကြားနေကြောင်း၊ သင်ပြောကြားနေသည့်အရာနှင့် ပတ်သက်၍ အမှန်တကယ် စဉ်းစားတွေးတောထားကြောင်း၊ သင်ပြောကြားနေသည့်အရာမှာ နားထောင်သင့်သည့်အရာ ဖြစ်ကြောင်း တစ်ဖက်ကလက်ခံလာလိမ့် မည်ဖြစ်သည်။ မှန်ကန်သည့် လေယူလေသိမ်း အနေအထားဖြင့် ပြောကြား ခြင်းဖြင့် နားထောင်နေသူအနေဖြင့် သင်ပြောကြားသည့်အတိုင်း တိကျစွာကြားသိပြီး နားလည်မှုလွဲမှားစေနိုင်သည့် အလားအလာကိုလည်း လျော့ပါးစေမည် ဖြစ်သည်။

 

(ဆ) လေ့ကျင့်ခြင်း

ပုံမှန်ရိုးစင်းသည့် အပြန်အလှန်ဆက်ဆံရေးမှ အစပြု၍ ပိုမိုမြင့်မားသော ဆက်သွယ်ရေး အရည်အသွေးများကို လေ့ကျင့်ပျိုးထောင်သင့်သည်။ သာမန်လူမှု ဆက်ဆံရေးမှအစ အသက်မွေးဝမ်းကျောင်းမှုအဆင့်အထိ ဆက်သွယ်ရေး အရည်အသွေးများကို နေ့စဉ်လေ့ကျင့် ပေးသင့်သည်။ အရည်အချင်းအသစ်ကို ထိရောက်စွာ အသုံးချရေးမှာ အချိန်ကြာမြင့်တတ်သော်လည်း သင်၏ ဆက်သွယ်ရေးအရည်အသွေးများကို အသုံးချသည့် အချိန်တိုင်းတွင် အခွင့်အလမ်းများ၊ အနာဂတ်လက်တွဲ ဆောင်ရွက်မှုများအတွက် လမ်းဖွင့်ပေးရာရောက်သည်။

 

(ဇ) ထိရောက်စွာ နားထောင်တတ်သည့်အရည်အသွေးကိုလေ့ကျင့်ခြင်း

လူတစ်ယောက်အနေဖြင့် ထိရောက်စွာ ပြောကြားတတ်သော အရည်အချင်းသာမက တစ်ပါးသူများက ပြောဆိုသည့် စကားများကို နားထောင်၍ ၎င်းတို့ပြောကြားသည့် အကြောင်းအရာတွင် ပါဝင်ဆွေးနွေးတတ်သည့် အရည်အသွေး ကိုလည်း လေ့ကျင့်ပျိုးထောင်သင့်သည်။ တစ်ဖက်က ပြောကြားနေစဉ် ဝါကျအဆုံးပိုင်းမှသာ နားထောင်လိုသည့် အလေ့အထမှ ရှောင်ကြဉ်သင့်သည်။ သို့မှသာ တစ်ဖက်က ပြောကြားနေစဉ် သင်၏စိတ်၌ ထင်ဟပ်ဖြစ်ပေါ်လာသည့် အယူအဆများ၊ ယခင် အမှတ်တရရှိခဲ့သည့်အရာများကို ထုတ်ဖော်ပြောကြားနိုင်မည် ဖြစ်သည်။   ။

Ref: "Improve your communication skills". The New Striats Times July 7, 2012. NST1klassfields.