နေပြည်တော် မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီ သန်းက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြရာတွင် စီမံကိန်း ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှုများကို ငွေကုန် ကြေးကျ အနည်းဆုံးဖြင့် စက်ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရန် ဦးစားပေး ဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သံရည်ကျိုအလုပ်ရုံ Melt Shop-1 ဆိုင်ရာ အချက်အလက်များ၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း စက်ရုံစီမံကိန်း ရပ်တန့်ခဲ့ရမှုကြောင့် စက်ရုံပြန်လည် လည်ပတ် နိုင်ရေး ဆောင်ရွက်ရာတွင် ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှစ၍ သံရည်ကျို လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ စီမံကိန်းအကောင်အထည် ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ များနှင့် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
သံနှင့်သံမဏိ လိုအပ်ချက် နှစ်စဉ် တန်ချိန် နှစ်သန်းခန့်ရှိ
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် သံနှင့်သံမဏိ လိုအပ်ချက်အနေဖြင့် နှစ်စဉ် တန်ချိန် နှစ်သန်းခန့်ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်က ရပ်တန့်ခဲ့သည့် စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေး ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် နေရာများကို မြေပြင်ကွင်းဆင်း သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုလည်း စဉ်းစားဆောင်ရွက်ထားရန်လို ကြောင်း၊ စက်ရုံအနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျို အလုပ်ရုံ၊ Melt Shop-1 ဆောင်ရွက်ပြီးစီး ပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်ကို ယခုစက်ရုံနှင့် ပင်းပက်စက်ရုံတို့မှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သံမဏိထုတ် လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်နှင့် မွေးထုတ်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ နောင်အနာဂတ်တွင် စက်ရုံသို့ ပို့ဆောင်မည့် ကုန်ကြမ်းများ၊ စက်ရုံမှထွက်ရှိလာသည့် သံနှင့် သံမဏိပစ္စည်းများကို လျှပ်စစ်ရထား အသုံးပြု၍ သယ်ယူပို့ဆောင် ဖြန့်ဖြူးနိုင်ရေးအတွက်လည်း ရေရှည်ကိုမြော်တွေး၍ တွက်ချက် ဆောင်ရွက်ထား ရှိရန်လိုကြောင်းမှာကြားပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ Melt Shop-1 သို့ရောက်ရှိပြီး အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၊ Melt Shop-1 ပြန်လည်စတင်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Melt Shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့်သံမဏိတုံး Billet ထုတ်လုပ်ခြင်း လုပ်ငန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှပ်စစ်သံရည်ကျိုဌာနရှိ သံရည်ကျိုလုပ်ငန်းအား စက်ခလုတ်နှိပ်၍ စတင်လည်ပတ် စေသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Melt Shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာန၌ သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်ကျို ပုံလောင်းဌာနမှ ၉ မီတာအရှည်ရှိ သံမဏိလေးထောင့်တုံး (Steel Billet)များ ထုတ်လုပ်နေမှုကို တစ်ခုချင်း အသေးစိတ်ကြည့်ရှု စစ်ဆေးရာ ဌာနအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
ချီးမြှင့်ငွေများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ Melt Shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာနမှ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Billet ပေါ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်တမ်း တင်လက်မှတ် ရေးထိုးပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်ပပညာရှင်များအား သစ်သီးခြင်း ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Melt Shop-2 သို့ရောက်ရှိပြီး စက်ပစ္စည်းများ တပ်ဆင်နေမှု အခြေအနေများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် စတင်ထုတ်လုပ်ခဲ့သည့် သံမဏိပြားများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ဝန်ထမ်းစားရိပ်သာ၌ စက်ရုံဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ပြီး ဝန်ထမ်းများအား သံမဏိထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးစကားပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
စတင်ထုတ်လုပ်နိုင်ခဲ့
အဆိုပါ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၀၄ ခုနှစ် တွင် စတင်စာချုပ်ချုပ်ဆို အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Malt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲ ကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွား ရေးရာကော်မတီ (၇/၂၀၁၇)ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင် ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်မှစ၍ စီမံကိန်း ရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ သန်းရှိပြီ ဖြစ်ပြီး စီမံကိန်းပြီးစီးမှု ရာခိုင်နှုန်း အနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း၊ ထိုသို့ စီမံကိန်း ရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက် ပေးဆပ်ခဲ့ရကြောင်း၊ သံမဏိထုတ် လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ပင် ဖြစ်ပြီး သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့်သံမဏိတင်သွင်း နေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပဈေးနှုန်းထက် သက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သောကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ တာဝန်ယူသည့်အချိန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကျင်းပ ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ သံမဏိစက်ရုံ စီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများ ပြန်လည် စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန် ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိ အချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Phase-1 (Melt Shop-1) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး Phase-1 အပြည့်အဝ လုပ်ငန်းလည်ပတ်ချိန်တွင် Phase-2 (Melt Shop-2)အား လုပ်ငန်းလည်ပတ်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည် နိုးကြား လာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမို တိုးတက်လာစေရေး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ အဓိကအင်အားစုတစ်ခုအဖြစ် အားဖြည့်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်