မိမိတို့ပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငြိမ်းချမ်းရေးကို အလိုလားဆုံးသော ပြည်နယ်တစ်ခုဖြစ်

 

 

နေပြည်တော် စက်တင်ဘာ ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အဖွဲ့ဝင် ဦးစောဒန်နီရယ်တို့နှင့်အတူ ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည့် ခရစ်ယာန်ငြိမ်းချမ်းရေးဗဟို ကော်မတီမိတ်ဆက်တွေ့ဆုံဆုတောင်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဦးစွာမြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) ဘားအံနယ်စီးသာသနာပိုင် ဒေါက်တာမာကုစောမောင်ဒို က အဖွင့်ဆုတောင်းပြီး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေး အထောက်အကူပြု ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက မင်္ဂလာနှုတ်ခွန်းဆက်စကားပြောကြားကာ တက်ရောက်လာသူများက အိုသာယာသော မြန်မာပြည်တော်ကျူး ဓမ္မတေးသီချင်းကို သီဆိုကျူးရင့်ကြသည်။

 

ထို့နောက် ဘားအံခရစ်ယာန် အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာ မန်းစိုးဝင်းမောင် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက်ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အထောက်အကူပြု လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ခရစ်ယာန်အသင်းတော်များသို့ သွားရောက်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မိမိတို့ပြည်နယ်သည် လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငြိမ်းချမ်းရေးကို အလိုလားဆုံးသော ပြည်နယ်တစ်ခုဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ စားရေရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ငြိမ်းချမ်းသာယာမှုအထူးလိုအပ်ပြီး ပဋိပက္ခများ၊ ငြိမ်းချမ်းမှု ကင်းမဲ့ခြင်းများသည် တိုင်းပြည်အေးချမ်းသာယာရေးကို အဟန့်အတား ဖြစ်စေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်ကြီး အေးချမ်းသာယာရေးအတွက် တွေ့ဆုံဆုတောင်းခြင်းမှသည် နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာပါစေကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ခရစ် ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေး အထောက်အကူပြုဗဟိုကော်မတီနာယက ဦးစောထွန်းအောင်မြင့်က တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ရန် ယခုကဲ့သို့လာရောက် တွေ့ဆုံဆုတောင်းခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများကို ဆွေးနွေးတိုင်ပင် အဖြေရှာသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမျိုးစွဲ၊ ဝါဒစွဲများကို စွန့်လွှတ်၍ ပိုမိုကောင်းမွန်သော အနာဂတ်များကိုဖန်တီးနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဘားအံခရစ်ယာန်အသင်းတော်များကောင်စီ၊ ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ ဓမ္မအမှုတော်ဆောင်များ၊ အသင်းတော်ခေါင်းဆောင်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်က အကြံပြုစကားပြောကြားကာ သိက္ခာတော်ရ ဒေါက်တာအေးမင်း က နိုင်ငံတော်အတွက် အထူးဆုတောင်း၍ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn