ဒေါက်တာခိုင်ခိုင်၀င်း
“လူတွေက ပြောကြတယ်။ Customer comes first၊ စားသုံးသူက ပထမတဲ့။ အမှန်က Employee comes first ပါ။ မိမိဝန်ထမ်းတွေကသာ ပထမပါ။ မိမိဝန်ထမ်းတွေကို ဂရုစိုက်ရင် သူတို့က customer တွေကို ဂရုစိုက်ပါလိမ့်မယ်တဲ့”
စီးပွားရေးပညာရှင် Richard D. Branson
ဒီစာသားလေးကိုဖတ်ရင်း ခေါင်းထဲ အတွေး များစွာဝင်လာမိပါတယ်။ ယနေ့လုပ်ငန်းခွင်တွေမှာ၊ ကုမ္ပဏီတွေမှာ၊ ဌာနဆိုင်ရာများရှိ အုပ်ချုပ်ရေး အဆင့်ဆင့်မှာ တာဝန်ယူအုပ်ချုပ်နေကြသူတွေက မိမိဝန်ထမ်းတွေသာ ပထမဆိုတဲ့အတိုင်း ဝန်ထမ်း တွေကို တန်ဖိုးထားအုပ်ချုပ်နေကြပါရဲ့လား။ မိမိဝန်ထမ်းတွေကို ဂရုမစိုက်၊ တန်ဖိုးမထားမိဘဲ Customer comes first ဆိုတာကိုပဲ အတင်း လေ့ကျင့်ပေးနေကြတာလား။
ဝန်ထမ်းတွေကို စားသုံးသူတွေနည်းတူ ဂရုစိုက်တန်ဖိုးထား
Customer comes first ဆိုတာကလည်း တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ မိမိတို့ ရောင်းကုန်တွေ၊ စားသောက်ကုန်တွေကို လာရောက်အားပေးသူ၊ စားသုံးသူတွေ စိတ်ကျေနပ် မှုရရှိစေရေး ဝန်ထမ်းတွေက ဝန်ဆောင်မှုကောင်း တွေပေးဖို့ တာဝန်ရှိပါတယ်။ အလားတူ ပြည်သူ တွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေအနေနဲ့ လည်း ပြည်သူတွေ စိတ်ချမ်းသာမှုရရှိစေဖို့နဲ့ လုပ်ငန်း လွယ်ကူအဆင်ပြေ အောင်မြင်စေဖို့ Customer comes first ဆိုတဲ့ထုံး နှလုံးမူပြီး တာဝန် ယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြန်အလှန်အားဖြင့် ဝန်ထမ်းတွေကို စားသုံး သူတွေနည်းတူ ဂရုစိုက်တန်ဖိုးထားမှုတွေပေးဖို့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေမှာရော တာဝန်မရှိပေဘူး လား။
လုပ်ငန်းတွေကနေ၊ ဌာနဆိုင်ရာတွေကနေ ကြိုးစားနိုးကြားမှုရှိတဲ့ ဝန်ထမ်းတွေထဲက အလုပ် ထွက်ကြတဲ့ ဝန်ထမ်းအများစုရဲ့ အကြောင်းရင်း တွေကို ကြည့်မယ်ဆိုရင် တာဝန်ရှိသူ၊ အုပ်ချုပ်သူ အကြီးအကဲတွေရဲ့ ဝန်ထမ်းတွေအပေါ် ဂရုမစိုက်မှု၊ တန်ဖိုးမထားမှု၊ တရားမျှတစွာအုပ်ချုပ်တာမရှိမှု၊ တာဝန်ကျေမှုတွေအပေါ် အသိအမှတ်ပြု အလေး မထားမှု၊ အလွန်အမင်းခိုင်းစေမှု စတဲ့အချက်တွေကို တွေ့ရမှာဖြစ်ပြီး အဲဒီအဓိကအချက်တွေကြောင့်ပဲ လုပ်ငန်းခွင်ဟာ ပျော်ရွှင်ဖွယ်ရာလုပ်ငန်းခွင် ဖြစ်မလာတော့ဘဲ ဝန်ထမ်းတွေကို လုပ်ငန်းခွင်က နေ ထွက်ခွာစေတဲ့အကြောင်းရင်း ဖြစ်လာစေတယ် လို့ လေ့လာသိရှိရပါတယ်။ ကိုယ်ရေးကိုယ်တာ အခက်အခဲကြောင့် အလုပ်ကနေ နုတ်ထွက်သူတွေ ကို မဆိုလိုပါ။
မလုပ်မရှုပ်မပြုတ်စိတ်ရှိတဲ့ ဝန်ထမ်း၊ သတ်မှတ်အရည်အချင်းမပြည့်စုံလို့ ရာထူး အဆင့်တိုးဖို့ မဖြစ်နိုင်တာကို အတင်းလိုချင်၊ မိမိကိုယ်မိမိ မသိတဲ့ဝန်ထမ်း၊ ရေသာခိုအချောင် လိုက်ပြီး သူများနဲ့တန်းတူ အခွင့်အရေးလိုချင်တဲ့ ဝန်ထမ်းတွေရဲ့ တစ်ဖက်သတ်စွပ်စွဲပြီး သူတို့ ချို့ယွင်းချက်ကို မဖော်ပြဘဲ သူတို့လုပ်ငန်းခွင် မှာ မပျော်ပိုက်တာ အထက်ကြောင့်ရယ်လို့ ပြစ်တင်တတ်တာတွေကို တွေ့ရတတ်ပေမယ့် သူတို့ကို စာရင်းထဲ ထည့်သွင်းဖော်ပြခြင်း မပြုပါ။
မိမိပင်ကိုအတွင်းစိတ်စေ့ဆော်ခြင်းနဲ့ ပြင်ပမှစေ့ဆော်ခြင်း
ရွှင်လန်းတက်ကြွမှုရှိတဲ့၊ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ချမ်းမြေ့စွာ အလုပ်လုပ်နိုင်ရေး တွန်းအားပေးတဲ့အရာတွေကို ကြည့်မယ်ဆိုရင် Intrinsic motivation & Extrinsic motivation လို့ခေါ်တဲ့ မိမိပင်ကို အတွင်းစိတ်စေ့ဆော်ခြင်းနဲ့ ပြင်ပမှစေ့ဆော်ခြင်း ဆိုပြီး နှစ်မျိုးနှစ်စား တွေ့နိုင်ပါတယ်။ ပင်ကို အတွင်းစိတ်စေ့ဆော်တွေမှာ မိမိကိုယ်တိုင်က ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရတာကို ဂုဏ်ယူခြင်း၊ မိမိအလုပ်ကို ချစ်မြတ်နိုးခြင်း စတာတွေပါဝင်ပြီး ပြင်ပစေ့ဆော်ခြင်းတွေမှာ လစာငွေ၊ အဆောင်အယောင်တွေ၊ တာဝန်ကျေမှု၊ အောင်မြင်မှုတွေအတွက် ခံစားခွင့်တွေ၊ မိဘတွေရဲ့ တိုက်တွန်းအားပေးမှုတွေ စတာတွေပါဝင်ပါတယ်။
ဒီစေ့ဆော်ခြင်းနှစ်မျိုးလုံး ဟန်ချက်ညီမျှတ နေပါမှ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင် အောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပင်ကို အတွင်းစိတ်စေ့ဆော်ခြင်း တစ်မျိုးတည်း အားကောင်းနေပါက အစပိုင်းမှာ လုပ်ငန်းခွင် အတွင်း အဆင်ပြေသလိုရှိမှာဖြစ်ပေမယ့် ပြင်ပ စေ့ဆော်ခြင်းတွေ၊ အားနည်းယိုယွင်းမှုတွေ ရှိနေရင် ရေရှည်မှာ ပင်ကိုအတွင်းစိတ်စေ့ဆော် ခြင်းတွေကို ထိခိုက်လာနိုင်ပြီး လုပ်ငန်းခွင်မပျော်ရွှင် မှု၊ လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှု အားနည်းလာမှာဖြစ်ပါတယ်။
အလားတူ ဘယ်လိုပဲ ပြင်ပစေ့ဆော်ခြင်း ကောင်းမွန်အောင် ဆောင်ရွက်ပေးစေကာမူ အတွင်း စိတ်စေ့ဆော်ခြင်းတွေ အားနည်းနေပြန်ရင်လည်း လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရေးမှာ အခက်အခဲရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အတွင်းနဲ့ အပြင် စေ့ဆော်တွန်းအားပေးခြင်းတွေကို ဟန်ချက်ညီ ထိန်းသိမ်းနိုင်ရေး အုပ်ချုပ်မှုအဆင့်ဆင့်ရှိ လူတွေမှာ တာဝန်များစွာရှိပါတယ်။
လုပ်ငန်းခွင်ပျော်ရွှင်မှုဖြစ်တည်လာရေး စီစဉ်ဆောင်ရွက်
ဥပမာအားဖြင့် အတွင်းစိတ်စေ့ဆော်ခြင်းတွေ အားနည်းလာတယ်လို့ သုံးသပ်ယူဆပါက အပြင် စိတ်စေ့ဆော်ခြင်းကို ပိုမိုအားထည့်ဆောင်ရွက်ပေး ခြင်းနည်းလမ်းနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပျော်ရွှင်မှုဖြစ်တည်လာရေး၊ ဝန်ထမ်းတွေ စိတ်ဓာတ် တက်ကြွစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ လုပ်ငန်းခွင်၊ မိမိကိုတန်ဖိုးထားတဲ့ဌာန၊ တရား မျှတမှုရှိတဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ ရှိနေသူ၊ တာဝန်ထမ်းဆောင်နေသူတစ်ဦးအတွက် လုပ်ငန်း ခွင်ကနေထွက်ခွာ၊ နုတ်ထွက်ရေးမှာ မဖြစ်နိုင်လွန်း တဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲအခြေအနေ အကျပ်အတည်းဖြစ်ပေါ်လာမှသာ ထွက်ခွာကြမှာ ဖြစ်ပြီး ပုံမှန်အားဖြင့် လွယ်လင့်တကူဆုံးဖြတ်၊ နုတ်ထွက်ဖို့မဖြစ်နိုင်လှပါ။ အကြောင်းက ဝန်ထမ်း တွေဟာ မိမိကိုတန်ဖိုးထားတဲ့ဌာနကို ချစ်ခင် မြတ်နိုးသလို မိမိအလုပ်ကိုလည်း ချစ်ခင်မြတ်နိုး ပျော်ရွှင်နေကြလို့ဖြစ်ပါတယ်။
မိမိဝန်ထမ်းတွေကို တန်ဖိုးထားအုပ်ချုပ် ရင် ဌာနအတွင်းဖြစ်ပေါ်နေတဲ့ ပြဿနာရဲ့ သုံးပုံ နှစ်ပုံခန့် ပျောက်ကွယ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
ကုမ္ပဏီဝန်ထမ်းအချင်းချင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းအချင်းချင်း ပြောကြားချက်ကို ဂရုစိုက် နားထောင်ကြည့်မယ်ဆိုပါက ကုမ္ပဏီအတွင်း၊ ဌာနအတွင်း တရားမျှတမှုမရှိတဲ့အကြောင်းတွေ၊ တန်ဖိုးထားမခံရမှုတွေကို အဓိကပြောကြားလေ့ ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တရားမျှတစွာ အုပ်ချုပ်စီမံခန့်ခွဲမှုမရှိတဲ့ဌာနမှာ အထက်အောက် ဝန်ထမ်းတွေအကြား လေးစားယုံကြည်မှုလည်း လျော့နည်းနေမယ်ဆိုတာ ယုံမှားဖွယ်မရှိပါ။
ဒီနေရာမှာ တရားမျှတမှုရှိတဲ့ လုပ်ငန်းခွင် ဖြစ်ပေါ်လာရေးနဲ့ ဝန်ထမ်းတွေ ပျော်ရွှင်တက်ကြွစွာ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းခွင်ဖြစ်ပေါ်လာရေး အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူ၊ တာဝန်ရှိသူလူကြီးရဲ့ အမြော်အမြင်ကြီးမှု၊ အုပ်ချုပ်စီမံခန့်ခွဲမှုအပိုင်း ကျွမ်းကျင်မှု၊ သမာသမတ်ရှိမှု၊ ဘက်မလိုက်မှု၊ ခွဲခြားဆက်ဆံခြင်းမရှိမှု၊ ပုဂ္ဂိုလ်ရေးအငြိုးထား အမုန်းမပွားမှု၊ ပညာဉာဏ်ကြီးမြတ်မှု၊ စိတ်နေ စိတ်ထားမြင့်မြတ်မှု စတဲ့အရည်အချင်းကောင်း များစွာ လိုအပ်တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။
အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူလူကြီးရဲ့ တရားမျှတမှု မရှိခြင်းတွေ၊ မိမိဝန်ထမ်းသာ ပထမဆိုတဲ့ထုံး နှလုံးမမူ တန်ဖိုးမထားမှုတွေကြောင့် ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချင်စိတ် လျော့နည်းပျက်ယွင်းသွားပြီး အပြန်အလှန် လေးစားမှုစိတ်ဓာတ်တွေလည်း ပျက်ပြားစေတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ မိမိကိုယ်မိမိယုံကြည်မှု၊ တာဝန်ရှိသူတွေအပေါ် ယုံကြည်မှု၊ ဌာနအပေါ် ယုံကြည်မှုတွေလည်း ပျက်ပြားလာပြီး ပြည်သူ လူထုကို ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ အားနည်းမှု တွေရှိလာမှာ ဖြစ်ပါတယ်။
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းပါမယ်
အထက်အောက်ဝန်ထမ်းအချင်းချင်း အပြန် အလှန် လူ့ဂုဏ်သိက္ခာလေးစားမှုရှိစွာ ပြောဆို ဆက်ဆံကြတာ၊ မှန်ကန်မျှတစွာအုပ်ချုပ်တာတွေ ရှိမယ်ဆိုရင်လည်း စိတ်ပျော်ရွှင်ချမ်းသာမှုရှိတဲ့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေ ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြမှာဖြစ်လို့ နိုင်ငံတော်အတွက် အမှန်ပဲ တန်ဖိုးရှိတဲ့ ပြည်သူ့အရေး ဆောင်ရွက် နေကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို နိုင်ငံတော် က မလွဲမသွေရရှိလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းပါမယ်။ ဝန်ထမ်း ကောင်းတွေ မွေးထုတ်ဖို့ ဝန်ထမ်းတွေကို အုပ်ချုပ် နေသူတွေမှာ များစွာတာဝန်ရှိပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရတဲ့ နိုင်ငံ့ ဝန်ထမ်းတွေ၊ နိုင်ငံတော်ရဲ့မူဝါဒ၊ လမ်းညွှန်ချက်တွေ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်သူအများနဲ့ အနီးကပ်ထိတွေ့ဆက်ဆံဝန်ဆောင် မှုပေးရတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေ ကို ချစ်ခင်လေးစားတန်ဖိုးထားပြီး မိမိဝန်ထမ်းတွေ သာ ပထမဆိုတဲ့ထုံး နှလုံးမူကာဖြင့် ခွဲခြားဆက်ဆံမှု ကင်းစွာ၊ မှန်ကန်မျှတစွာ အုပ်ချုပ်ကြမယ်ဆိုရင် ဝန်ထမ်းတွေကို တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန် ကျေမှုတွေရှိဖို့ အထူးမှာကြားစရာမလို၊ အလိုလို တာဝန်သိ တာဝန်ကျေတဲ့ ဝန်ထမ်းတွေ၊ ပြည်သူနဲ့ ဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်အောင် ဆောင် ရွက်နိုင်တဲ့ ဝန်ထမ်းတွေဖြစ်လာမယ်လို့ ယုံကြည်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။