မော်လမြိုင် ၂၉ မေ
မိန်ဗလာတောင် စူးစမ်းလေ့လာမှုနှင့် ပတ်သက်၍ ဒေသခံများအတွက် အန္တရာယ် တစ်စုံတစ်ရာ လုံး၀ စိုးရိမ်စရာ မရှိကြောင်း၊ ပြည်သူအတွက် စိုးရိမ်စရာ အခြေအနေရှိရင် ခွင့်ပြုပေးထားမှာ မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေ ၂၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး(ပထမနေ့) အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ် ကာလအတွင်း ထိုင်းမြန်မာ သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့စဉ်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အနီးရှိ မိန်ဗလာတောင်သည် ဂျပန်တို့ အဓိက စစ်အခြေစိုက်စခန်း တစ်ခု ဖြစ်ခဲ့ပြီး ၎င်းတို့ တည်ဆောက်ခဲ့သည့် မြေကတုပ်ကျင်းများ၊ လျှိုမြောင်များကို ယနေ့ထိ တွေ့မြင်နိုင်ဆဲဖြစ်သည်။
ဂျပန်ရတနာသိုက် ရှိနေသည်ဟု ဒေသခံများက ယုံကြည်ထားကြသော အဆိုပါ မိန်ဗလာတောင် စူးစမ်းလေ့လာခွင့်ကို Royal Eagle Development Group Co.,Ltd က ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြစ် စီမံကိန်းဆောင်ရွက်လျှက်ရှိပြီး ယင်းစီမံကိန်းကြောင့် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်ပူပမ်းမှုများရှိနေကြသည်။
“နှစ် ၇၀ ကျော်ကြာပြီးခဲ့တဲ့ ယမ်းအားတစ်ခုရဲ့ ပေါက်ကွဲမှုက ဘယ်လောက်ထိ ပြင်းထန်နိုင်မလဲ၊ ပြည်သူတွေ လုံးဝစိုးရိမ်စရာ မရှိပါဘူး။ ပြည်သူတွေအတွက် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်နိုင်ရင် ခွင့်ပြုပေးမှာလည်း မဟုတ်ပါဘူး။” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
မိန်ဗလာတောင် စူးစမ်းလေ့လာရန် ကုမ္ပဏီငါးခုက ပြည်နယ်အစိုးရသို့ လာရောက်ဆွေးနွေး ကမ်းလှမ်းခဲ့သော်လည်း လက်ရှိကုမ္ပဏီတစ်ခုသာ တိကျခိုင်လုံစွာ တင်ပြနိုင်ခြင်း ရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီ ထောက်ခံစာများ ပါရှိသဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“လာပြီး ကမ်းလှမ်းကြတာက ဒဏ္ဍာရီဆန်ဆန်ပဲ လာပြောကြတာများတယ်။ ပြည်နယ်အနေနဲ့လည်း မိန်ဗလာတောင်တွင်းမှာ အမှန်တကယ် ရတနာပစ္စည်းတွေ ရှိမရှိ သိသင့်တာကြောင့် ခွင့်ပြုပေးခဲ့တယ်။ အများဆုံး သုံးလအထိသာ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တွေ့ခဲ့ရင် စူးစမ်းလေ့လာနေတဲ့ စီမံကိန်းကို ချက်ချင်းရပ်မယ်။ မတွေ့ခဲ့ရင်လည်း နဂိုနေအတိုင်း ပြန်လုပ်ပေးဖို့၊ သစ်ပင်တွေ ပြန်စိုက်ပေးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။
စူးစမ်းလေ့လာရေးအတွက် ပြည်ထောင်စုသို့ အကြောင်းကြား ဆောင်ရွက်နေခြင်းဖြစ်ကာ စီမံကိန်း ကုန်ကျစရိတ်အတွက် ကုမ္ပဏီဘက်က အားလုံး ကျခံရမည်၊ အကယ်၍ တွေ့ရှိပါက အစိုးရ ၇၀ ရာခိုင်နှုန်း၊ ကုမ္ပဏီ ၃၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ဖြင့် သဘောတူထားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင်းမှ ဂျပန်စစ်ကြောင်းများ ဆုတ်ခွာချိန်တွင် တစ်နိုင်ငံလုံးမှ သိမ်းဆည်းထားသော ကျောက်သံပတ္တမြားတို့ကို သယ်ယူချိန် မရသဖြင့် မိန်ဗလာတောင်အောက်တွင် မြှုပ်နှံခဲ့သည်ဟု ဒေသခံများက ယနေ့ထိ လက်ခံယုံကြည်နေကြဆဲ ဖြစ်သည်။
မြတ်မွန်ထွေး
ဓာတ်ပုံ - ကိုဟိန်း(ပေါင်)