နေပြည်တော် ဇွန် ၂၃
မိန်းကလေးများ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ နံယောရွာနေ မမြင့်မြင့်ခိုင်၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နေ အိုက်ဦး (ခ) XIANG YANO၊ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာနေ မသဲနုအောင် (ခ) မိသဲ၊ သူရိန်ဝင်း၊ ဖြိုးကျော်ကျော်တို့က တစ်ရွာတည်းနေ မxxx၊ ၂၀ နှစ်နှင့် မxxx၊ ၂၀ နှစ်တို့ကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား မူဆယ်မြို့မရဲစခန်း(ပ) ၇၉၉/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၂၁ ရက်တွင် တရားခံ မသဲနုအောင် (ခ) မိသဲပါ (၅)ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ (၃)ရပ်ကွက်နေ ဒေါ်မြင့်မြင့်အေး(မိ)၊ တရုတ်နိုင်ငံသား ရှီရှောက်ရှန် (တိမ်းရှောင်)၊ ရှမ်းပြည်နယ်၊ ကွမ်လုံမြို့၊ ဟိုလီကျေးရွာနေ မအားမေ (ခ) မဖြူ (တိမ်းရှောင်)နှင့် တရုတ်နိုင်ငံနေ မမဲလုံး (ခ) မဇင်မာသက်(တိမ်းရှောင်)တို့က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေ မxxx၊ ၂၈ နှစ်ကို တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဉ်ခဲ့မှုကို သုံးခွမြို့မရဲစခန်း (ပ)၇၈၇/၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၁၈ ရက်တွင် တရားခံ ဒေါ်မြင့်မြင့်အေးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံများကို တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။
သတင်းစဉ်