နေပြည်တော်၊ ၁၂ မေ
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့၊ အမှတ်(၄)ရပ်ကွက်နေ မအေးကျုံက တရုတ်နိုင်ငံရှိ ခေါက်ဆွဲဆိုင်/ ဈေးဆိုင်များတွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး မိုင်းကိုင်မြို့နယ်၊ ပျဉ်ဝင်ကျေးရွာနေ မxxx၊ ၂၀ နှစ်၊ မxxx၊ ၂၁ နှစ်၊ မxxx၊ ၁၆ နှစ်နှင့် မxxx၊ ၁၆ နှစ်တို့ကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားခဲ့မှုအား မိုင်းကိုင်မြို့မရဲစခန်း (ပ)၁၀/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့်လည်းကောင်း၊ မိုင်းကိုင်မြို့နယ်၊ ပျဉ်ဝင်ကျေးရွာနေ မxxx၊ ၁၆ နှစ်ကို တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားခဲ့မှုအား မိုင်းကိုင်မြို့မရဲစခန်း (ပ)၁၁/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့်လည်းကောင်း၊ မိုင်းကိုင်မြို့နယ်၊ ပျဉ်ဝင်ကျေးရွာနေ မxxx၊ ၁၇ နှစ်၊ မxxx၊ ၁၇ နှစ်၊ မxxx၊ ၁၇ နှစ်၊ မxxx၊ ၁၇ နှစ်နှင့် မxxx၊ ၁၂ နှစ်တို့ကို တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားခဲ့မှုအား မိုင်းကိုင်မြို့မရဲစခန်း (ပ)၁၂/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် လည်းကောင်း အသီးသီး အမှုရေးဖွင့်ခဲ့ပြီး လွိုင်လင်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၁၀ ရက်တွင် တရားခံ မအေးကျုံအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် (၁၅)နှစ်စီဖြင့် စုစုပေါင်း (၄၅)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်