ဘိုကလေး ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် တောရိုင်းတိရိစ္ဆာန် သားကောင်များ၊ ငါး၊ ပုဇွန်၊ မိကျောင်းများ ရှင်သန်ပေါက်ဖွားရာဒေသဖြစ်သည့်အပြင် ကနစို၊ မဓမ၊ သင်ပေါင်းစသည့် ဒီရေတောသစ်တောများ တည်ရှိပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သာဘာဝပတ်ဝန်းကျင် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဘေးမဲ့တောဖြစ်ပြီး မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်ခုနစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ထိုဒေသတွင် မသမာသူအချို့မှ သား၊ ငါး၊ ပုဇွန်၊ ငှက်၊ မိကျောင်းတို့အားလည်းကောင်း၊ သစ်တောထွက် ပစ္စည်းများအားလည်းကောင်း ဝင်ရောက်ခိုးယူခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများက စိစစ်တွေ့ရှိရသည့်အပြင် အကျယ်အဝန်း ဧက ၃၃၇၇၉ ဧကရှိသည့် ၎င်းမိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ရာဇဝတ်မကင်းသူများပါ ဝင်ရောက်ခိူလှုံနိုင်ကြောင်း သုံးသပ်တွေ့ရှိရသည့်အတွက် ဘေးမဲ့တောအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူမှအပ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခြင်း၊ တောရိုင်းတိရစ္ဆာန် သားကောင်များ၊ ငါး၊ ပုဇွန်၊ မိကျောင်းများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သစ်တောထွက် ပစ္စည်းများအား ခိုးယူခြင်း၊ ခုတ်လှဲခြင်းတို့ကို မပြုရန်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ(၁၄၄)အရ မြို့နယ်အုပ်ချုပ်ရေးမှူးက ဩဂုတ် ၁ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့ပြီး ၎င်းတားမြစ်နယ်မြေသည် မိန်းလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ မြောက်ဘက် ကဒုံကနိမြစ်နှင့် ဘိုကလေးမြစ်ဆုံ၊ အရှေ့ဘက် ဘိုကလေးမြစ်၊ တောင်ဘက် ကဒုံကနိမြစ်နှင့် ဘိုကလေးမြစ်ဆုံ၊ အနောက်ဘက် ကဒုံကနိမြစ်အထိ အကျုံးဝင်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


