ဒေါက်တာမြတ်နိုး

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိဖြစ်သည့် ဝါတွင်းသုံးလကာလသည်ကား မြတ်ဗုဒ္ဓ၏ အဆုံးအမတို့တည်ရာ သာသနာဆိုင်ရာ ထူးခြားလေးနက်သော ကာလတစ်ခုဟု ဆိုထိုက်ပါသည်။ 

ထူးခြားလေးနက်ဓမ္မစက် 

အနှစ်သာရတို့ဖြင့် ထူးခြားပြည့်နှက်နေသည်။ သန္ဓေတောထွက် ဓမ္မစက်၊ ရေမီးခြုံလှုံ တန်ခိုးတော်အစုံဖြင့် ပုထုဇဉ်အနွယ်မှ အရိယာအနွယ်သို့ စတင်ကူးပြောင်းပြီး ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ပေါ်ပေါက်ရာအစပြုကြောင်း နေ့တစ်နေ့အဖြစ် ယခုတိုင် ထင်ရှားဆဲဖြစ်ပါသည်။ ဤနေ့ ဤရက်တွင် ငါတို့၏ ဗုဒ္ဓမြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသား သည် တုသိတာနတ်ပြည်မှစုတေပြီး လူ့ပြည်၌ပဋိသန္ဓေတည်ခဲ့သည်။ 

သူအို ၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော မမြဲသော နိမိတ်သဘောကို ကောင်းစွာမြင်၍ သံဝေဂရပြီး လောကကို အကျိုးပြု  ပါရမီဖြည့်ရန်အလို့ငှာ တောထွက်တော်မူခဲ့သည်။ လာလှည့်၊ ရှုလှည့်ဟု ခေါ်တော်မူရာ ဧဟိဘိက္ခူဟူသော စကားနှင့်အတူ သာသနာအစပျိုးရာ ရဟန်းပုဂ္ဂိုလ်တို့သည် သီလ စင်ကြယ်၊ သမာဓိစင်ကြယ်၊ ပညာစင်ကြယ်၊ မဂ်စင်ကြယ်ဖြင့် အေးချမ်းဖွယ်အတိဖြစ်သော အနုဿယ ကိလေသာကင်းစင်ပြီး မြတ်ဘုရားရှင်ကို စတင်ဖူးခွင့်၊ နှုတ်ခွန်းဆက်ခွင့်ရရှိသော နေ့တစ်နေ့လည်းဖြစ်သည်။ 

ဂေါတမမြတ်စွာဘုရားကို ပဉ္စဝဂ္ဂီငါးဦးတို့၏ နှလုံးသားဝယ် ဘုရားသာသနာအဖြစ် စတင်တည် ပြီးနောက် မြတ်စွာဘုရားဟောကြားသော ဓမ္မစကြာ တရားဦးဒေသနာတော်ကို ဦးဦးဖျားဖျား နာကြားခွင့် ရပြီးသကာလ တရားသာသနာကိုလည်း ဆက်တည်ခွင့်ရရှိခဲ့သည်ဟု ဆိုပါသည်။ 

အသိနှင့်အကျင့်တွဲရာ သုတ္တန်တအရိယစက္ကသစ္စာတရား 

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေဝင် လထွက်ချိန်၌ ဓမ္မစကြာ သစ္စာတရားတော်ကြီးကို မေတ္တာကွန်ရက် ဖြန့်ကြက်ထားသည့် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောတွင် တရားနာကြားရန် တစ်ချိန်က ဘုရားရှင်အား ကျေးဇူးပြုခဲ့ဖူးသော ပဉ္စဝဂ္ဂီငါးဦးတို့အားရွေးချယ်၍ ဦးစွာဟောကြားတော်မူခဲ့ပါသည်။ 

မြတ်စွာဘုရား သိခဲ့၊ ကျင့်ခဲ့သောတရားသည် အရိယာသစ္စာလေးပါး မြတ်တရားဖြစ်၏။ ပဋိသန္ဓေ၊ အို ၊ နာ၊ သေ ဝဲသြဃသံသရာမှ လွတ်ရာလွတ်ကြောင်း အမှန်တရားတော်လည်း ဖြစ်သည်။ ရှေးဦးစွာ ကိုယ်တိုင်လည်းသိ၊ မိမိသိသလို စကြဝဠာပေါင်း တစ်သောင်းဆီက နတ်ဗြဟ္မာများ အပါအဝင် သတ္တဝါအားလုံးလည်း သိနားလည်အောင်၊ အသိနှင့် အကျင့်တွဲ၍ သိပြီးကျင့်နိုင်အောင် သုတ္တန်တွင်ပါဝင်သော ဤတရားတော်ကို ထိုးထွင်းသိဉာဏ် ပဋိဝေဓဉာဏ်တော်ဖြင့်  ဟောတော်မူခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့်လည်း ဗုဒ္ဓဟူ၍ အမည်တွင်ခြင်းသည် ပင်။ ၄၅ ဝါကာလပတ်လုံး မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားဟောနည်းလေးမျိုးတွင် ဤဓမ္မစက္ကပဝတ္တန သုတ္တန်တရားတော်သည်  မိမိအလိုကျအတိုင်း ဟောကြားသောတရားတော်ဖြစ်၍ အတ္တဇ္ဈာသယ တရားဟောနည်းတွင် ပါဝင်သော တရားတော်ဖြစ်သည်ဟုလည်း ဆိုပါသည်။
ဓမ္မသဘောအရ အရိယာမဂ်ဉာဏ်ရပြီးမှ ရရှိသော တရားတစ်ခုဖြစ်၍ အမှန်တရားတစ်ခုလည်း ဖြစ်သည်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီးမှ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိသွားခြင်းဖြစ်သည်။ ထိုသို့ ရရှိ၊ သိရှိရန်မှာလည်း ဗုဒ္ဓသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရပါသည်။ မြတ်စွာ ဘုရားသည် ဤမျှလေးနက်သော တရားတော်ကို သတ္တဝါအားလုံး အလွယ်တကူ သိနားလည်စွမ်းနိုင်အောင် ဟောကြားတော်မူနိုင်ပါပေသည်။ အဘယ်ကြောင့်ဆိုသည်မူ မြတ်စွာဘုရားသည် အများနားလည်အောင် ဟောနိုင်စွမ်းသော ဒေသနာဉာဏ်ကို ပိုင်ဆိုင်ထား၍ဖြစ်ပါသည်။ 

အကျင့်သုံးပါး ဤတရား 

ဤဓမ္မစကြာတရားတော်ကြီးတွင် ကိလေသာ အားလုံးမှ လွတ်ကင်းရန် အထူးသဖြင့် ရဟန်းတို့ အတွက် အစွန်းတရားနှစ်ပါးမှ လွတ်အောင်ရှောင်ကြရန်လည်း ဆုံးမဟောကြားထား၏။ လက်ဝဲစွန်း၊ လက်ယာစွန်း  အစွန်းနှစ်ပါးမှလွတ်ကင်းအောင် မရှောင်နိုင်သူသည် အို၊ နာ၊ သေ ဒုက္ခဘေးမှ မည်သို့မှ မလွတ်ကင်းကုန် တစ်နည်းသံသရာမှ လွတ်မြောက် ရန်ခဲယဉ်းသည့်သဘော ဟောကြားသွား၏။ 

ဒေါသဦးစီး ပြင်းထန်လွန်းသော ဒုက္ခအစွန်းနှင့် လောဘဦးစီး ပျော့ညံ့လွန်းသောအစွန်း ဤအစွန်းနှစ်ပါးမှ ရှောင်သွေရာသည် အပြစ်ကင်းသော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းပင် ဖြစ်သည်ကို  အလင်းပြသွား၏။ ပုထုဇဉ်တို့အတွက်လည်း အမှန်မြင်၍ အမြင်မှန်ရန် ကြိုးစားအားထုတ်ယူတတ်ရပေမည်။ 

တဏှာအလိုမလိုက် ကိလေသာများကိုပယ်ဖျက်ရာ အလယ်အလတ်လမ်းသည်သာ လောကအလယ် ကျင်လည်စွမ်းရာ သင့်ပါသည်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ ထိတွေ့ကြံစည်ရာ စသည့်အာရုံတိုင်းတွင် တွယ်ငြိနှစ်သက်လွန်းသူ ကျွန်တော်တို့လို လောကီလူသားအားလုံးအတွက် ခန္ဓာအလိုသို့ မလိုက်သည့် အပြစ်ကင်းရန် အလယ် လမ်းသည်သာ  အမှန်ဆိုသည်ကို ရယူကြရန် တိုက်တွန်းလိုခြင်းဖြစ်ပါသည်။ လောဘအလို၊ ဒေါသအလိုကို လိုက်ခြင်းသည် ကိလေသာများ ထူပြောရာ အကုသိုလ်ဆီသို့ ဦးတည်သွားနိုင်သည်ဖြစ်၍ အလယ်အလတ်ဖြစ်သော လမ်းမှန်အကျင့်သည်သာ ကိလေသာများကို ငြိမ်းစေသည်ဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့၍ ဖြစ်ပါသည်။ ဤလမ်းမှန်အကျင့်ကို ထူးကဲသောဉာဏ်ဖြင့် မြတ်စွာဘုရားကသိခဲ့ပြီး သစ္စာလေးပါးကိုလည်း ထိုးထွင်း သိမြင်သွားသည့်အခါ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုသွားနိုင်ခဲ့ပုံကို တရားတော်က ပြဆိုခဲ့ပါပြီ။ 

ဖော်ထုတ်ထားရာ သစ္စာလေးပါးမြတ်တရား 

ဓမ္မစကြာတရားဦးတွင်  ဗုဒ္ဓသည် ဒုက္ခ၏ အကြောင်းရင်းကို ဖွေရှာထားသည်။ ဘဝသည် တက်လိုက်ကျလိုက်၊ နိမ့်လိုက်မြင့်လိုက်နှင့် ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်၊ ပျော်တစ်လှည့် ဝမ်းနည်းတစ်ခါ၊ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေပုံကို မြင်အောင် ကြည့်နိုင်ရန်လိုပါသည်။ အားလုံးဟာ ဘာမှမမြဲ ဒုက္ခချည်းသာဖြစ်သည်။ ဒါသည်ပင် ဝင်လိုက်၊ ထွက်လိုက်နှင့် အစဉ်ရုန်းကန်ရင်ဆိုင်ရသည့် ဘဝ၏ဖြစ်စဉ် တစ်ခုဖြစ်နေသည်။ ခန္ဓာ၊ ဇာတိရလျှင် ဘုရား အပါအဝင် မည်သူမဆို ဇရာ၊ မရဏ ကြုံရမည်သာ ဖြစ်သည်။ သံသရာတစ်လျှောက် ကျင်လည်ရှင်သန် ရာဘဝများ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသည့် မပြောင်းလဲသော အမှန်သဘောတရားဖြစ်၍ ဒုက္ခ သစ္စာမည်ပေသည်ဟု ဗုဒ္ဓက ဖော်ထုတ်ထားသည်။ 

ရှုပ်ထွေးလှသည့် ဒုက္ခ - ဆင်းရဲခြင်းအမှန် သဘော၏ အကြောင်းရင်းဖြစ်သော၊ လောဘတဏှာ- သမုဒယသစ္စာဖြစ်သည့် ဆင်းရဲကြောင်းအမှန် သဘောများကိုပါ ဖော်ထုတ်ရှင်းလင်းထားသည်။ ဤအရှုပ်အထွေးမှ လွတ်ရာလွတ်ကြောင်း သီလ၊ သမာဓိ၊ ပညာ အင်္ဂါရှစ်ပါး ဆင်းရဲငြိမ်းကြောင်းမဂ္ဂင်လမ်းဖြင့် ဆင်းရဲငြိမ်းရာ နိရောဓသစ္စာတရားကိုပါ ပြဆိုခြင်းဖြင့် သစ္စာလေးပါး  အမှန်တရားကို ဖော်ထုတ်ထားပါသည်။ 

ဉာဏ်တော် တစ်ဆယ့်နှစ်ပါးမှာ သစ္စဉာဏ်တော့ရစေချင် 

ဤသည်ပင် လေးမျိုးသော သစ္စဉာဏ်ဖြစ်သည်။ ခန္ဓာ၏သဘောကို “သိ” လျှင် “ပယ်” ရမည်။ အင်္ဂါ ရှစ်ပါးဖြင့် “ပွား”များလျှင် နိဗ္ဗာန်သို့“ဆိုက်” ရောက် ရလိမ့်မည် စသည်ဖြင့် လုပ်ငန်းကိစ္စ အမှန်သဘောများကိုလည်း တိတိကျကျညွှန်ပြထား၍ လေးမျိုးသောကိစ္စဉာဏ်ဖြစ်သွားသည်။ အမှန်တော့ ဗုဒ္ဓ မြတ်စွာဘုရားသည် အထက်ပါ လုပ်ငန်းကိစ္စရပ် လေးမျိုးလုံးကို သိရှိပြီးဖြစ်သည်။ ထိုသို့သိပြီးဖြစ်သော ဉာဏ်ကို ကတဉာဏ်ဟု ခေါ်ပါသည်။ ဤသို့ သစ္စာလေးပါး တစ်ပါးစီတွင် ဖြစ်ရပ်မှန်၊ လုပ်ရပ် အမှန်၊ ချုပ်ရာအမှန်ကို သိသောဉာဏ်တော် သုံးပါးစီ ဖြင့် စုစုပေါင်း ဉာဏ်တော်တစ်ဆယ့်နှစ်ပါးကို ပိုင်းပိုင်းခြားခြားသိမှသာ အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား အဖြစ်သို့ ရောက်တော်မူလေသည်ဟု ဝန်ခံတော်မူကြောင်း  မှတ်သားနာယူရပါသည်။  သို့သော် ကိုယ်ကိုယ်တိုင်သိအောင်မူ ခွဲခြမ်းစိတ်ဖြာမှုများစွာ ပြုရမည်ဖြစ်ပြီး သိသမျှကျင့်ရန်ကိုပါ အလေးအနက်ထား မမေ့အပ်ရန်လိုပါသည်။ မကျင့်နိုင်သေးသည် ထားဦးတော့၊ ဤသစ္စာတရားလေးပါးကို မှတ်သားနာယူရ၍ သိနေရသည်ကပင် သစ္စဉာဏ်တော့ ရေးရေးမျှရနေပြီလား မျှဝေအားပေးမိပါသည်။ 

ဓမ္မစကြာတရားတော်ကို ဟောကြားနာယူကြ ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့သည်လည်း တစ်ဦးပြီး တစ်ဦး သောတာပန်ဖြစ်ကြကာ ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏသုတ် ဟောကြားနာယူ ပြီးနောက် ငါးပါးလုံးလည်း ရဟန္တာဖြစ်ကြကုန်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် ဆိုင်ရာဆိုင်ရာ ဗုဒ္ဓ၏ ဓမ္မမြတ်တရားများကို သိအောင်သင်စေချင်ပါသည်။ တရားစစ်တရားမှန်များကို သိနားလည်အောင် နာကြားစေချင်ပါသည်။ သိပြီးနားလည်ပြီးလည်း ပယ်တတ်အောင်၊ ပွားတတ်အောင် ကျင့်ကြံစေလိုပါသည်။ သိပြီး၊ နားလည်ပြီး၊ ကျင့်ပြီးလျှင် ဘဝအသစ်တစ်ခု မရခြင်း၊ အဖန်ဖန် ဆင်းရဲဒုက္ခမဖြစ်ခြင်းသို့ မျက်မှောက်ပြုဆိုက်ရောက်ရပါလိမ့်မည်။ သဘာဝကျသော တရား ဓမ္မများဖြစ်၍ ကျင့်ကြံမှသာ အကျိုးရှိပေမည်။ 

တကယ်တော့ ကျွန်တော်တို့ အားလုံးသည် နောက်ဆုံးအချိန်ဆိုသည်မှာ မသေချာ မကြာတော့ သည်ဖြစ်၍ ဤလမြတ်ဝါဆိုအခါသမယကို အခွင့်အလမ်းအဖြစ် မှတ်ယူကာ ဓမ္မစကြာဒေသနာတော်ကြီးကို အဓိပ္ပာယ်ပြည့်ဝစွာဖြင့် နေ့စဉ်ရွတ်ဖတ် မှတ်ယူပူဇော်သင့်လှပါသည်။  သစ္စာလေးပါးကို အာရုံပြု၍ ဓမ္မစကြာဒေသနာကို ဝီရိယထားရွတ်ဖတ်ခြင်းသည် ပိဋကတ်သုံးပုံကို ရွတ်ခြင်းမည်ပါသည်။ ရွတ်ဖတ်ရုံဖြင့်မပြီး ကျင့်ကြံပါက ပိဋကတ်သုံးပုံကို လက်တွေ့ကျင့်ခြင်းမည်ပါသည်။ တရားကောင်းဖြစ်၍ စေတနာသဒ္ဓါတရား ထက်ထက်သန်သန်ဖြင့် ကြိုးစားကြည့်စေလိုပါသည်။

အရာရာတိုင်းသည် မမြဲ၊ ဒုက္ခချည်းဖြစ်ကာ အစိုးမရသည်ချည်းဖြစ်၍ မိမိခန္ဓာကို အကျိုးရှိရှိ အမြတ်ထုတ် အသုံးပြုခွင့်ရခိုက်တွင် ခန္ဓာကို ဉာဏ်နှင့်ထပ်၍ သိနိုင်မြင်နိုင် ကျင့်နိုင်အောင် အဆင်သင့်ရှိကြစေလိုကြောင်း  မေတ္တာဖြင့်အလေးထား မျှဝေလိုက်ရပါသည်။ ။