ကျွန်းလှ ၂၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်နေသူများ ဈေးကောင်းရ၍ အဆင်ပြေကြောင်း သိရသည်။
အိုးလုပ်ရာတွင် အဓိကကျသည့် ရွှံ့စေးမြေကို သုံးဘီးတစ်စီးငွေကျပ် (၁၀၀၀၀)ပေးရကြောင်း၊ အိုးတစ်လုံးဖြစ်ရန် ရွှံ့စေးမြေလေးပုံး၊ သဲနှစ်ပုံးရောပြီး ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးမြေစေးကို ခြေထောက်ဖြင့်နင်း၍ ပုံလောင်း၊ ထုတ်ဖြင့်သုံးဆင့် ရိုက်နေပြန်လှန်းရကြောင်း၊ အိုးများကိုကောက်ရွေး၊ ထင်းများထောင်၍ ရွံ့ဖြင့်သရွတ်ကြမ်းပြီး မီးဖုတ်ရကြောင်း၊ ရှမ်းစုကျေးရွာအိုး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ချိုက ပြောကြားသည်။
“ကျမတို့ကျေးရွာမှာ မိဘများလက်ထက်က အိုးလုပ်ငန်းလုပ်ကိုင်ခဲ့တာ နှစ်(၁၀၀)ကျော်ရှိပါပြီ။ ကျေးရွာတွင်း အိုးလုပ်ငန်းလုပ်ကိုင်သူ (၂၅)ဦး ကျော်ရှိပါတယ်။ မိသားစုနှင့် အလုပ်သမားငှားလုပ်ရာ တစ်နေ့ အိုးအလုံး (၄၀)ပြီး ပါတယ်။ ကုန်းကြမ်းပစ္စည်းနှင့် လုပ်အားခနုတ်ပြီး အိုးအလုံး (၂၀)ကျော် အမြတ်ကျန်ပါတယ်ဟု” ၎င်းက ထပ်မံပြောပြသည်။
အဆိုပါ အိုးများကို ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နယ်များသို့ သောက်ရေ အိုးတစ်လုံး ငွေကျပ်(၁၀၀၀)၊ အိုးလတ်တစ်လုံး ငွေကျပ်(၈၀၀)ဖြင့် ရောင်းရကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


