ဝက်လက်၊ ၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်တွင်၊မိသားစုတစ်ပိုင်၊တစ်နိုင် နွားမွေးမြူရေး လုပ်ငန်းဖြင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ် မင်းကုန်းကျေးရွာမှ ဦးညွန့်ဆောင် မိသားစုသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်မှစ၍ နွားမတစ်ကောင်ကို ငွေကျပ် ၁၄၀၀ ဖြင့် ဝယ်ယူ စတင်မွေးမြူလာရာ ယခုအချိန်တွင် နွားအကောင်ရေ စုစုပေါင်း (၆၀) ထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။ နွားများကိုမွေးမြူရာ တစ်နှစ်လျှင် နွား ( ၁၀ ) ကောင်ခန့် သားပေါက်ကာ ၊မိမိသားစု စားဝတ်နေရေးနှင့် နွားကျောင်းခ အတွက် နွားများကို ပြန်လည်ရောင်းချရာတွင် နွားအသေးတစ်ကောင်ကို ( ၅ ) သိန်းကျပ်မှ နွားအကြီး တစ်ကောင်ကို ( ၁၀ ) သိန်းကျပ်ရောင်းချရကြောင်း၊နွားမွေးမြူလိုသူများ လာရောက်ဝယ်ယူပါက စျေးကောင်းရရှိပြီး၊ နွားမ တစ်ကောင်ကို (၁၀) သိန်းကျပ် ၊ နွားထီး ၊ခိုင်းနွားတစ်ကောင်းကို (၁၅) သိန်းကျပ်ထိ ရောင်ချရကြောင်း၊ ယခင်က နွားကို ကိုယ်တိုင်ကျောင်းမွေးမြူခဲ့သော်လည်း ယခုအချိန်တွင် အသက်အရွယ်ကြီးပြီဖြစ်၍ နွားကျောင်း ငှါးကာမွေးမြူနေပြီဖြစ်ကြောင်း ၊ မိသားစု တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးလုပ်ကိုင်နေသူ မင်ကုန်းကျေးရွာနေ ဦးညွန့်ဆောင်၏ ပြောကြားချက်အရ သိရသည်။
နွားများကို လွှတ်၍ ကျောင်းရာတွင် နံနက် ၉ နာရီအချိန်တွင် ခြံထဲမှ ထုတ်ကျောင်းပြီး ညနေ ၄ နာရီ အချိန်တွင် ခြံထဲသို့ ပြန်လည်သွင်းကာ ၊နွားစာရှာပါးသော နယုန်လ မှ တန်ဆောင်မုန်း လအထိ ၆ လကြာ နွားများခြံထဲ ပြန်လည်သွင်းချိန်တွင် အစာထည့်၍ ကျွေးရကြောင်း ၊မြို့နယ်အတွင်း ကောက်ကြီးစပါး ရိတ်သိမ်းချိန်များတွင် ကောက်ရိုး ထော်လာဂျီ တစ်စီးကို ( ၃ ) သောင်း( ၅ ) ထောင် ကျပ်ဖြင့်ဝယ်ယူပြီး နွားစာကျွေးရကြောင်း ၊နွားချေးကိုတော့ မိမိလယ်ယာမြေအတွက် သဘာဝမြေသြဇာအဖြစ် ပြန်လည်အသုံးပြုကြောင်းလည်း သိရှိရသည်။
တစ်နှစ်လျှင် နွား ( ၁၀) ကောင်ခန့် ရောင်းချကာ မိမိ မိသားစုဝင်( ၇ ) ဦး၏ စားဝတ်နေရေး၊ နွားကျောင်းခနှင့် နွားစာဝယ်ယူရကြောင်း၊ တစ်ပိုင်တစ်နိုင်နွားမွေးမြူရေး လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)


