မြန်မာနိုင်ငံ၏လူဦး‌ရေတွင် အလုပ်လုပ်နိုင်သည့် အရွယ်ရှိ လူဦးရေအချိုးအစား များသည့်အတွက် လူဦးရေဆုလာဘ်ရရှိထားသော နိုင်ငံဟုပင်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်း မှာ  ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အနက် အရွယ်ကောင်းလူငယ်များစွာတို့မှာ ရွှေ့ပြောင်းအလုပ် သမားများအဖြစ်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည်။ အရှေ့တောင် အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် ပြည်ပသို့  အလုပ်သမားတင်ပို့ မှု တတိယအများဆုံးနိုင်ငံဟူ၍လည်း ဆိုကြသည်။

 

ပြည်ပနိုင်ငံများသို့  ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ်သမား များအဖြစ် အလုပ်လုပ်ကြခြင်းမှာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းနှင့် ပြည်ပနိုင်ငံများမှ လုပ်ခလစာ၏ ဆွဲဆောင်ခြင်း စသည့်အကြောင်းများက အဓိကဖြစ်သည်။ ကျေးလက်ဒေသများတွင်   ရွှေ့ပြောင်း အလုပ်သမားအဖြစ် ပြည်ပသို့ အဆင်ပြေပြေ၊ မှန်မှန်ကန်ကန်  သွားရောက်အလုပ် လုပ်ကိုင်နေသူ ရှိသည့်အိမ်မှာ   အိမ်ကြီးရခိုင်   တင့်တောင့်တင့်တယ်ဖြစ်နေလေ့ရှိသည်။   မြန်မာအများစုမှာ   အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် သန်းနှင့်ချီ၍ အလုပ်လုပ်နေကြပြီး မလေးရှားတွင်  သိန်းနှင့်ချီ၍ လုပ်နေ ကြသည်။  စင်ကာပူ၊  ကိုရီးယား၊ ဂျပန်နှင့်   ယူအေအီး၊  ကာတာ၊ ဂျော်ဒန် စသည်တို့တွင်လည်း ရှိနေသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင် နေသူများက   ပြည်တွင်းရှိ ၎င်းတို့၏ မိသားစုများထံ ပြန်လည်လွှဲပို့သည့် ငွေများမှာ  ၎င်းတို့ မိသားစုအတွက်  ဝင်ငွေဖြစ်သလို နိုင်ငံအတွက်လည်း နိုင်ငံ ခြားမှ ရရှိသည့်ဝင်ငွေဖြစ်သည်။

 

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများက ပြည်တွင်း သို့ လွှဲပို့လာသည့် ငွေများမှာ အမျိုးသား ဝင်ငွေတွင်ပါဝင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်အလျောက် ပြည်ပသို့ အလုပ်သမား များစေလွှတ်ထားရသည့် အမိနိုင်ငံများက အလေးထားကြသည်။ ပြည်ပသို့ အလုပ်သမား သန်းနှင့်ချီ၍ ပို့ထားသော ဖိလစ်ပိုင်နိုင်ငံသို့ ပြည်ပရောက် ၎င်း၏ နိုင်ငံသား သူနာပြုများနှင့် အိမ်အကူများ စသူတို့က ပြန်ပို့ငွေသည် အမေရိကန်ဒေါ်လာ  သန်းထောင်ပေါင်းများစွာရှိပြီး  ၎င်းတို့နိုင်ငံ အတွက်လည်း လွန်စွာအရေးပါသည့် ဝင်ငွေဖြစ်သည်။ မိမိတို့  နိုင်ငံအနေဖြင့်မူ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံ များသို့ ရောက်ရှိနေသည့် မိမိနိုင်ငံသားများထံမှ ပြန်ပို့ငွေမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်  ဇူလိုင်လအထိ ကိုးနှစ်ခန့်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ဝ၀ ကျော်ဖြစ်ရာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးသည့် အခြေအနေပင် ဖြစ်သည်။

 

ယခုအခါ ပြည်ပရောက်မြန်မာနိုင်ငံသားများ နိုင်ငံခြား ငွေဖြင့် ရရှိသောဝင်ငွေများကို ပြည်တွင်းသို့ ဘဏ်များမှ တရား ဝင်လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ သို့မဟုတ် ယင်း နှင့် ညီမျှသည့် နိုင်ငံခြားငွေပေါ်တွင် ကျပ် ၃၀ အပိုဆောင်းပေး သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။  နိုင်ငံခြားငွေလုပ်ငန်း လိုင်စင်ရဘဏ်များမှ တစ်ဆင့် ပြည်တွင်းသို့ လုံခြုံစိတ်ချစွာ လွှဲပို့နိုင်သည့်အပြင် တစ်ဒေါ်လာချင်းစီအတွက်လည်း အပိုဆောင်းပံ့ပိုးငွေကို ရရှိ ကြမည်ဖြစ်ရာ မိသားစုအတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိစေမည့်   ပြည်ပဝင်ငွေများကို   ကြိုးပမ်းရှာဖွေ၍   တိုးတက် ကြီးပွားနိုင်ကြပါစေကြောင်း။     ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်