ရန်ကုန်၊ ၁၀ ဖေဖော်ဝါရီ 

ကိုဗစ်-၁၉ ရောဂါ ဖြေလျှော့စဉ်နှင့် ကိုဗစ်လွန်ကာလတွင် ရန်ကုန်မြို့နေပြည်သူများနှင့် မိသားစုလိုက်အပန်းဖြေရာ နေရာတစ်ခုအဖြစ် ဉက္ကံမြို့မှ (၁၈)မိုင်ကျော်ကွာဝေးသည့် တဘူးလှဆည်မှာ သဘာဝအလှတို့ဖြင့် စွဲဆောင်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလကုန်ပိုင်းက တဘူးလှဆည်သို့ ရန်ကုန်မြို့မှပြည်သူများနှင့် နိုင်ငံခြားသားများ ကားများဖြင့် လာရောက်အပန်းဖြေကြရာ နိုင်ငံခြားသားများကို သွားလာခွင့်မပြုသော်လည်း ပြည်သူများ သွားလာအပန်းဖြေမှုရှိခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်း၌ ပြန်လည်တားမြစ်ခဲ့ရာ ယခုအခါ ဉက္ကံ-တဘူးလှဆည်လမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုနှင့် ဆည်သို့အပန်းဖြေသွားရောက်မှုကို မအူခုံရွာနှင့် လျော်ပုံရွာထိပ်တို့၌ ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှ တားမြစ်စောင့်ကြပ်လျက် ခွင့်ပြုသောယာဉ်များသာ သွားခွင့်ပြုကြောင်း သိရသည်။

“တဘူးလှဆည်ကြီးက စိမ်းစိုလှပတဲ့ တမံကြီးတစ်ခုပါ။ ပထမပိုင်း ရန်ကုန်မြို့က ပြည်သူတွေသွားကြတယ်။ ဂျပန်၊ ကိုရီးယားနဲ့ အခြားနိုင်ငံခြားသားတွေလည်း လာကြတယ်။ သူတို့ကိုတော့ မြို့နယ်အုပ်ချုပ်ရေးက ပေးမဝင်ဘူး။ တမံပေါ်မှာ အနားယူအပန်းဖြေ စားသောက်ပြီးပြန်ကြတယ်။ ဆည်ထဲကို စက်လှေနဲ့သွားခွင့်မရှိတဲ့အတွက် သွားရောက်လည်ပတ်လို့မရဘူး။ နောက်ပိုင်း ဆည်ကိုလာရောက်လည်ပတ်ဖို့ တားမြစ်လိုက်ပါပြီ။ ဆည်ရေဟာ သောက်သုံးရေ၊ စိုက်ပျိုးရေလည်းဖြစ်တယ်၊ ပြီးတော့ တမံကြံ့ခိုင်မှုကို ထိခိုက်မှာစိုးတဲ့အတွက် ပိတ်လိုက်တာပါ။ တကယ်တန်းအပန်းဖြေမယ်ဆိုရင် ဆည်ပေါ်ကို မတက်ဘဲ ဆည်အနီးက တောင်ကုန်း၊ တောတန်းတွေကို လည်ပတ်နိုင်တဲ့နေရာတွေရှိတယ်။ ယခုပိတ်ထားပြီးတော့ တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပြောသည်။

အဆိုပါ တဘူးလှဆည်သို့ ကားဖြင့် ရာသီမရွေးသွားလာနိုင်ရန် ကွန်ကရစ်လမ်းခင်းကျင်းထားပြီး ဆက်လက်ခင်းကျင်းရန် (၃)မိုင်ကျော် မြေသားလမ်းသာကျန်ရှိကာ ရန်ကုန်မြို့နေပြည်သူများ လာရောက်အပန်းဖြေနိုင်ရန် လမ်းတစ်လျှောက်ကျေးလက်အလှ၊ ကျွန်းစိုက်ခင်း၊ အေးချမ်းသောတောတောင်အလှ၊ ဆည်အတွင်းစိမ်းစိုသော ကျွန်းစုများနှင့် အေးမြသောဉက္ကံချောင်းရေတို့က ရန်ကုန်မြို့၏ အနီးဆုံးအပန်းဖြေရာနေရာတစ်ခုအဖြစ် စွဲဆောင်နေသည်။ တဘူးလှဆည်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော အများပြည်သူ စိတ်လက်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်သည့် နေရာတစ်ခုအဖြစ် COVID-19 ရောဂါ ဖြေလျော့သောကာလနှင့် ကိုဗစ်လွန်ကာလတို့၌ ဖော်ဆောင်ခဲ့ပါက ထိုလမ်းပိုင်းရှိ ကျေးရွာတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ပြီး ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ရာ ဉက္ကံမြို့ရှိ တဘူးလှဆည်သဘာဝအလှတို့က မိသားစုအပန်းဖြေရာနေရာတစ်ခုအဖြစ် စွဲဆောင်လျက်ရှိကြောင်း သိရသည်။

သန်းထိုက်
ဓာတ်ပုံ - သန်းစိုး