မင်းဘူး၊         ၁၂      ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် ကင်ပွန်းချဉ်စိုက်ခင်းကို လယ်ယာ လုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်သော်လည်း တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကင်ပွန်းချဉ်ပင်သည် စိုက်ပျိုးပြီး သုံးလအကြာတွင် အညွန့်များ၊ အတက်များကို ခူး၍ ရောင်းချလို့ ရပြီး ခြောက်ရက်တစ်ခါ ရေသွင်းကာ မြေဆွ၊ ပေါင်းရှင်း ပြုလုပ်ပေးနိုင်ပါက တစ်ရက်ခြား၊ နှစ်ရက်ခြား ခူးပေးရကာ တစ်နှစ်ပတ်လုံး ရောင်းချလို့ ရကြောင်း သိရသည်။

ကင်ပွန်းချဉ်၊ ဆူးပုတ်စသော သီးနှံပင်များသည် ပင်လတ်အမျိုးအစားထဲတွင် ပါဝင်နေသဖြင့် တစ်ပင်နှင့် တစ်ပင် သုံးပေခွဲခြားကာ စိုက်ပျိုးရပြီး အပင်အရပ် မပြန်စေရန်နှင့် ဘေးသို့ဖြာထွက်နေသော ကိုင်းတက်များကို ဓားဖြင့်ဖြတ်ပေးရသည်။ ကင်ပွန်းချဉ်ပင်သည် အရွက်နှင့် အသီးပါ နှစ်မျိုးစလုံး အသုံးဝင်သော်လည်း အသီးများ သီးသည်အထိ မထားကြဘဲ အညွန့်များ ခူးကောင်းရုံ အနေအထားဖြင့်သာ ကိုင်းတက်များကို ဖြတ်ဖြတ် ပေးကြသည်။

ကင်ပွန်းချဉ်ရွက်သည် မကျည်းရွက်နှင့် အရသာချင်း တူသော်လည်း မကျည်းရွက်က ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပြီး၊ ကင်ပွန်းချဉ်ရွက်က ဆေးဖက်ဝင်ကြောင်းလည်း သိရလေသည်။ ပေါ်စတွင် တစ်ပိဿာ ကျပ် ၄၅၀၀ ရောင်းချရပြီး တစ်နှစ်ပတ်လုံး ခူး၍ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးကို အထောက်အပံ့ ဖြစ်လျက်ရှိသည်။

ဇေယျာထက်(မင်းဘူး)