၁၂ ဒီဇင်ဘာ
အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်က သူ့အနေနဲ့ လာမယ့် ခရစ္စမတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ခရစ္စမတ်သစ်ပင်ကို ပြင်ဆင်နေတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ အင်စတာ ဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာဖြစ်တယ်လို့ အီးတီအွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဂျနီဖာလိုပက်ဇ်ဟာ ချစ်သူဖြစ်တဲ့ အဲလက်ဇ်ရိုဒရီဂွက်ဇ်နဲ့အတူ နောက်ထပ် ခရစ္စမတ်တစ်ခုကို ကျော်ဖြတ်ဖို့ရာ အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ခရစ္စမတ်သစ်ပင်ကို ကြယ်ပွင့် နှစ်ဦး အတူပြင်ဆင်နေတဲ့ပုံကိုလည်း ဂျနီဖာလိုပက်ဇ်ရဲ့ အင်စတာ ဂရမ်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရင်သွေးလေးတွေနဲ့မိသားစုလိုက် အတူတူပြင်ဆင်နေပုံတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဂျနီဖာလိုပက်ဇ်ရဲ့ ရင်သွေးလေးတွေဖြစ်တဲ့ သားဖြစ်သူ မက်ဇ်နဲ့ သမီး ဖြစ်သူ အမ်မီ၊ အဲလက်ဇ်ရိုဒရီဂွက်ဇ်ရဲ့ သမီးတွေဖြစ်ကြတဲ့ နာတာရှာ နဲ့ အယ်လာတို့လည်း ခရစ္စမတ်သစ်ပင်ကို အတူအလှဆင်နေကြတာ တွေ့ရပါတယ်။
ချစ်သူသက်တမ်း အတော်လေးကြာခဲ့ပြီဖြစ်တာကြောင့် နှစ်ဦးသား စေ့စပ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ခဲ့တဲ့ ဟောလိဝုဒ် ကြယ်ပွင့်စုံတွဲ ဂျနီဖာလိုပက်ဇ်နဲ့ အဲလက်ဇ်ရိုဒရီဂွက်ဇ်တို့က သတင်း တွေထွက်ပြီးနောက် မကြာမီမှာပင် စေ့စပ်ခဲ့ခြင်းမရှိကြောင်း တရား ဝင်ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လအတွင်းက ပြသခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ “The Ellen DeGeneres Show” မှာတော့ ဂျနီဖာလိုပက်ဇ်က ဒီနှစ် ခရစ္စမတ်မှာ စေ့စပ်နိုင်ကြောင်း နောက်ပြောင် ပြောကြားခဲ့ဖူးတယ်လို့ သိရပါတယ်။
အေးပြည့်