၁၄ စက်တင်ဘာ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ အောက်တိုဘာ ၄ ရက်တွင် ကျင်းပမည့် Miss Asia Pacific International 2018 ပြိုင်ပွဲတွင် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် လီဆူးတိုင်းရင်းသူ အလှမယ် အိန်ဂျယ်ရီဆန်း အနေဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
"ဒီပွဲက ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ပွဲဖြစ်တယ်။ အာရှမှာပေါ့နော်။ အဲဒါကြောင့် ညီမ ဒီပွဲကို ပြိုင်ချင်လို့ စောင့်ကြည့်နေတာပါ။ ဒီ ၂၀၁၈ မှာ ဖောင်ခေါ်တော့ ညီမ ဒီဖေ့စ်ဘုတ်ကနေပဲ ဖောင်တင်တယ်။ ညီမ ရွေးချယ်ခံရတယ်။ ဒီ title ကကျတော့ Beauty ပေါ့နော်။ ဘယ်အမျိုးသမီးပဲဖြစ်ဖြစ် အလှတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အလှတွေ အများကြီးရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ညီမကကျတော့ မိမိဘာသာ၊ မိမိရပ်တည်နိုင်တဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ ဘယ်သူ့ကိုမှ အားမကိုးဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက် အနေနဲ့ ညီမအကောင်းဆုံး ဖော်ညွှန်းပြီးတော့ ယှဉ်ပြိုင်မှာပါ" ဟု အလှမယ် အိန်ဂျယ်ရီဆန်း က ပြောသည်။
အဆိုပါ ပြိုင်ပွဲကြီးတွင် ဂျပန်၊ ကိုရီးယား ၊ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဂျာမနီ၊ အမေရိကန် စသည့် နိုင်ငံပေါင်း ၆၀ နှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် အလှမယ် အိန်ဂျယ်ရီဆန်းက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ “ပြည်ပတွင် ဝတ်ဆင်ရမယ့် Evening ground ဝတ်စုံတွေကို ဒီဇိုင်နာ စီစီအောင်နှင့် ဒီဇိုင်နာ ဒေးဗစ်တို့က ဝတ်စုံ ၁၀ စုံ ဖန်တီးချုပ်လုပ်ပေးထားတယ်။ ကိုယ်ကြတော့ ၃ စုံ ယူသွားပါမယ်။ talent ပိုင်း ပတ်သက်တဲ့ လီဆူးရိုးရာဝတ်စုံကို မိခင်ကိုယ်တိုင်ပေးပြီး ပူတာအိုမှ ဒီဇိုင်နာ ဟန်နီက ချုပ်ပေးထားပါတယ်။ ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ်က စတင်ဝင်ရောက်ယှဉ်ပြိုင်ပြီး Total Image Agency မှ Mark Nyi N မှ National Director အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Miss Asia Pacific International Myanmar 2016 အဖြစ် နန်းလှိုင်လှိုင်မိုး နှင့် Miss Asia Pacific International Yangon 2016 အဖြစ် နေခြည်လင်း တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Miss Asia Pacific International Myanmar 2017 အဖြစ် နန်းသဇင်သင်း က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကိုလင်း