မြင်းခြံ ၁ မေ
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့တွင် Myanmar Beauty Pageant Organizationမှ ကြီးမှူး ကျင်းပသော Miss Global Universe Myingyan 2018 ပြိုင်ပွဲကို ဇင်ယော်ဟိုတယ်ဝန်းအတွင်းတွင် မေ ၁၅ ရက်နေ့ ၊ ညနေ ၆ နာရီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင်းခြံမြို့တွင် ကျင်းပမည့်အလှမယ်ရွေးပွဲတွင် ရွေးချယ်ခံရသူ အလှမယ်များကို စခန်းသွင်း လေ့ကျင့်ပေးခြင်း ၊ ရန်ကုန်မြို့တွင် သွားရောက်ယှဉ်ပြိုင်စေခြင်းနှင့် ရန်ကုန်မြို့ပြိုင်ပွဲတွင် ရွေးချယ်ခံရပါက ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အလှမယ်ရွေးချယ်ပွဲတွင် Winnerဆု၊ Titleဆု အပါအဝင် ဆု(၁၅)ဆုကို ရွှေအစစ်ရင်ထိုးနှင့်ငွေအစစ်ရင်ထိုးများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းကို ပွဲစီစဉ်သူ Mister South Asia Myanmar 2016 ၊Mister Sea World Top Model Winner 2017 ၊Men Universe Model 2018 ရထားသူ ကိုရဲထွဋ်မောင်မှ ပြောကြားခဲ့သည်။ ထို့အပြင် ကိုရဲထွဋ်မောင်မှ ယခုလို အလှမယ်ရွေးချယ်ပြိုင်ပွဲပြုလုပ်ရခြင်းမှာ မြင်းခြံသားဖြစ်သဖြင့်ကိုယ့်မြို့၏ဂုဏ်ဆောင်နိုင်သော Missများထွက်ပေါ်လာစေရန်၊ ရဲရင့်သွက်လက် ထက်မြက်၍ အရည်အချင်းရှိသော Miss များ ထွက်ပေါ်လာစေရန်၊ ပြိုင်ပွဲဝင်သူများအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန်တို့ကိုလည်း ရည်ရွယ်ထားကြောင်း သိရသည်။
မြင်းခြံမြို့၏Miss Global Universe Myingyanရွေးချယ်ပွဲကို မြင်းခြံမြို့ရှိ ဇင်ယော်ဟိုတယ်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အလှမယ်ပေါင်း(၁၅၀)ဦးအား နာမည်ကျော်Modelများမှ အကဲဖြတ် ရွေးချယ်၍ ၎င်းတို့ကိုယ်တိုင် ရွေးချယ်ခံရသူများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းကိုလည်း ပူးတွဲ ပွဲစီစဉ်သူ ကိုအောင်မြင့်ဘော်(ဇင်ယော် မိသားစု)မှ ပြောကြားခဲ့ကြောင်း သိရသည် ။
ဦးဇော်မင်းနိုင်(မြင်းခြံ)