ကိုလင်း

 

အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Eco International 2018 ပွဲတွင် နိုင်ငံဂုဏ်ဆောင်အဖြစ် Eco Dress Top 6  နှင့် Miss Eco Teen International Award 2018 ဆုများကို ဆွတ်ခူးခဲ့သူ အလှမယ် ခခစံသည် ၂၀၁၉ ခုနှစ် မေလတွင် ကျင်းပမည့် Miss Universe Myanmar 2019 ပြိုင်ပွဲတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ ထို့ကြောင့် ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အလှမယ် ခခစံနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - အခုဆို ရန်ကုန်အရှေ့ပိုင်းခရိုင် အလှမယ်အဖြစ် ယှဉ်ပြိုင်ရမယ်ဆိုတော့ ပြင်ဆင် မှုတွေက . . .

ဖြေ - ညီမအရင်တုန်းကတော့ Miss Universe ပွဲကို Top 10 အထိ ယှဉ်ပြိုင် ဖူးပါတယ်၊ အခုလို ညီမကို ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားပြုအလှမယ်အဖြစ် ယှဉ်ပြိုင်ဖို့ သရဖူလာရောက်ပေးအပ်ပြီး ၂၀၁၉ ငါးလပိုင်းမှာ ပြုလုပ်မယ့် Miss Universe Myanmar ပွဲအတွက် ထပ်မံရွေးချယ်ခဲ့လို့ ကျေးဇူးလည်း တင်ပါတယ်၊ အဲဒီပွဲအတွက် အခု ညီမပြင်ဆင်မှုတွေ လုပ်နေပါတယ်၊ Body Beauty ပိုင်းရော၊ ပြီးတော့ အများကြီး ပြုပြင်စရာတွေ ကြိုးစားပြုပြင်နေပါတယ်၊ ညီမကို ဒီသရဖူ လာရောက်အပ်နှင်းတာမို့ ကျေးဇူးတင်ပါတယ်၊ ဒီပွဲကြီးက အဓိက ဘာကိုရည်ရွယ်ပြီး လုပ်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ အလှအပကို ဖော်ညွှန်းနိုင်တဲ့ သူအဖြစ် ပြသတဲ့ပွဲဆိုလည်း မမှားပါဘူး။

မေး - အီဂျစ်နိုင်ငံမှာ ဆုရခဲ့တဲ့ အလှမယ်တစ်ယောက်ထက် မိန်းကလေးတစ်ယောက်ရဲ့ ရှိသင့်၊ ထားသင့်တဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က . . .

ဖြေ - အလှမယ်တစ်ယောက်မှ မဟုတ်ပါဘူး၊ ပြီးတော့ မိန်းကလေးတစ်ယောက်ဆိုတာထက် လူသားတစ်ယောက်အနေနဲ့ဆို ပိုမှန်မယ်လို့ပြောပါရစေ၊ ပြိုင်ပွဲတစ်ခု ပြိုင်တယ်ဆိုတာ စိတ်ဓာတ်ကို စမ်းသပ်တာလို့ပဲ ညီမမြင်ပါတယ်၊ သူတစ်ပါးအပေါ်မှာ ကိုယ်ချင်းစာစိတ်လေး ထားတတ်ဖို့၊ ပြီးတော့ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် သူတစ်ပါး နစ်နာမှုဖြစ်မသွားဖို့ဆိုတာ အရေးကြီးတဲ့ အချက်တွေပါပဲ၊ ပြီးတော့ ကိုယ်ဟာ ကိုယ့်နိုင်ငံအတွက် သွားပြီးယှဉ်ပြိုင်ရတာဆိုတော့ ကိုယ့်နိုင်ငံဂုဏ်တက်စေတဲ့ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ပဲ ညီမကတော့ ဖြစ်ချင်တယ်။

မေး - အရင်ကပြိုင်ခဲ့ပြီး မထင်မှတ်ဘဲ ဆုရခဲ့တယ်ဆိုတော့ အဲဒီအကြောင်းလေး ပြန်ပြောပြပါလား။

ဖြေ - ကိုယ့်ကိုယ်ကိုယ် ဆုရလိမ့်မယ်လို့ မထင်ထားဘူး၊ ဘာလို့လဲဆို နိုင်ငံပေါင်းက ၆၀ တောင်၊ ပြီးတော့ကိုယ့်ထက် လှတဲ့သူတွေဆိုတာလည်း အများကြီးပဲ၊ တော်ကြတယ်၊ တစ်ခုပဲ၊ အချို့က ဘာသာစကား အခက်အခဲလေးတွေတော့ ရှိကြတယ်၊ ညီမလည်း အပါအဝင်ပေါ့နော်၊ ပြိုင်ပွဲတောက်လျှောက် အကောင်းဆုံး နေထိုင်ခဲ့တယ်၊ ဒီပွဲကြီးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အဓိကထားတဲ့ပွဲဖြစ်တာဆိုတော့ ကိုယ်အတွက်ကလည်း ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်တဲ့ပွဲမို့ ထမင်းစားတာတောင် မနက်စာနဲ့ ညနေစာ ပေါင်းစားခဲ့ရတာတွေရှိတယ်၊ ညီမအနေနဲ့ သူတို့ဘက်က ပို့ချပေးတဲ့အရာတွေသင်ဖို့ သတ်မှတ်ထားတဲ့အချိန်ထက် ကိုယ်ကစောပြီး ရောက်နေချင်တာကြောင့် စောစောသွားတယ်၊ ညီမက ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရရင် ထမင်းမေ့ဟင်းမေ့ပဲ၊ ညီမ အဲဒီကိုရောက်တဲ့အခါ ခခစံ မဟုတ်တော့ဘူး၊ နိုင်ငံ ကိုယ်စားပြုတစ်ယောက် ဖြစ်သွားပြီ၊ အဲဒီတော့ ဆုရတာ မရတာထက် ကိုယ့်တိုင်းပြည် သိက္ခာကျမယ့်အရာ ဘာတစ်ခုမှ ငါမလုပ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး နေထိုင်ခဲ့တယ်၊ ပွဲစဉ်တစ်လျှောက်မှာဆိုလည်း ပရိသတ်တွေက ညီမကို ခခစံဆိုတဲ့ နာမည်ထက် မြန်မာ၊ မြန်မာဆိုတဲ့ အားပေးသံတွေ ကြားခဲ့ရတယ်၊ များစွာဂုဏ်ယူ ရပါတယ်၊ ဆုကြေညာတော့လည်း မထင်ထားဘူး၊ အခမ်းအနားမှူးက မြန်မာလို့ ကြေညာလိုက်ချိန်မှာ ငါ့နိုင်ငံအတွက် ငါအကောင်းဆုံး လုပ်နိုင်ပြီဆိုပြီး ပျော်ခဲ့တာတော့ အမှန်ပဲ။

မြန်မာ့အလင်း