၁၁ ဇွန်
အရည်အချင်းပြည့်ဝပြီး ၊ မိမိကိုယ်ကို ယုံကြည်မှုရှိသူ အမျိုးသမီးငယ်များကို Mistine အလှကုန်က ရွေးချယ်ပြီး အမျိူးသမီးတိုင်း အလှအပနှင့် ဆက်နွယ်၍ ဝမ်းစာရေးအတွက် အခိုင်အမာ ရပ်တည်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒုတိယမြောက် Mistine Make Over Sesan 2 ကို ကျင်းပရာ ပြိုင်ပွဲဝင် ၂၇၀ ကျော် ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်ဆင့်ရွေးချယ်ခြင်းဖြင့် မစ်စတင်းအလှမယ် ခိုင်ဇင်လင်းကို ရွေးချယ်ပေးခဲ့ကြောင်း သိရှိရသည်။
“ဆုကိုရမယ်လို့လည်း ထင်မထားပါဘူး။ မစ်စတင်းအလှမယ် ပြိုင်ပွဲဝင်တော့ ပြင်ဆင်ချိန်ကလည်း သိပ်မရလိုက်တော့ စိုးရိမ်မိတယ်။ အားလုံးကလည်း လှကြတယ်။ အရည်အချင်းတွေလည်း အသီးသီးရှိကြတယ်။ ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် ကိုဂျွန်လွင်ဆီမှာ သင်တန်းတက်ခဲ့တယ်။ အထူးသဖြင့်က မော်ဒယ်လ် တစ်ယောက်မဟုတ်တဲ့အတွက် တော်တော်လေးခက်ခဲတယ်။ သင်တန်းကနေ စကားပြောတဲ့ လေယူလေသိမ်းကအစ၊ ကိုယ်ရည်ကိုယ်သွေး၊ လမ်းလျှောက်နည်း၊ နေနည်းထိုင်နည်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိအောင် ကြိုးစားခဲ့တယ်”ဟု အလှမယ် ခိုင်ဇင်လင်းကပြောသည်။
အဆိုပါ ပြိုင်ပွဲသို့ ထိုင်းနိုင်ငံမှ နာမည်ကြီး မိတ်ကပ်ပညာရှင်များ ၊ ထိုင်းနိုင်ငံ ၏ နာမည်ကြီးမင်းသမီး တစ်ဦးဖြစ်သူ PEEMAK ရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မင်းသမီး Ms Mai Davika နှင့် ပြည်တွင်း သရုပ်ဆောင် ရွှေမှုံရတီနှင့် အနုပညာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသူမှာ ဆုငွေ (၁၀) သိန်း နှင့်အတူ ထိုင်းနိုင်ငံ သို့သွားရောက်ပြီး မိတ်ကပ်ပညာများကို လေ့လာခြင်း ၊ Mistine နှင့် အတူ အလှအပရေးရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီး ၊ ပြည်တွင်းရှိ အမျိုးသမီးငယ်များကို ပြန်လည် ၍ ဝေမျှသင်ကြားမှုများလုပ်ဆောင်ရမည်ဟုသိရှိရသည်။
ကိုလင်း