နေပြည်တော်၊ ဇူလိုင် ၁၂
ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာအနီးတွင် မမီးငယ်စု (ခ) မီးစု မောင်းနှင်ပြီး မရှင်ဝေ (ခ) ရှင်ကြီး နှင့် မမိသန်းကြူ တို့ လိုက်ပါသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ည ၈ နာရီတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ မချိုမော်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း။
အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းရှိ နေလင်းအောင် (ခ) တရုတ်ကြီး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၄၇၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး -တန့်ယန်းသွားကားလမ်း၊ ခါးသျှိကျေးရွာအနီးတွင် အိုက်ယုံမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား