mdn

မြိတ် အောက်တိုဘာ ၄

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ၊ မြိတ်-ကျွန်းစု ခရီးစဉ် ခရီးသည်တင်အမြန်ရေယာဉ် လူဉီးရေကန့်သတ်ချက်များနှင့်အညီ အောက်တိုဘာ ၃ ရက်မှစတင်ကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြေးဆွဲပေးခြင်းကြောင့် ဒေသခံခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနေကြောင်း သိရသည်။


ပင်လယ်ကမ်းရိုးတန်း ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် မြိတ်မြို့နယ်မှ ပင်လယ်ပြင်အတွင်းရှိ ကျွန်းမြို့တစ်မြို့ဖြစ်သည့် ကျွန်းစုမြို့နယ်သို့ အောက်တိုဘာ ၃ ရက်မှစတင်ကာ ခရီးသည်တင် အမြန်ရေယာဉ် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာသည့်အတွက် ဒေသခံပြည်သူ ခရီးသည်များအတွက် သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒေသခံခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် ကျွန်တော်တို့ အမြန်ရေယာဉ်ကို အောက်တိုဘာ ၃ ရက်နေ့မှာ စတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပါပြီ။ တာဝန်ရှိသူများက ကျန်းမာရေးလမ်းညွန်ချက်နှင့်အညီ ခရီးသည်များ တင်ဆောင်ပြေးဆွဲပေးဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ ကျွန်တော်တို့အမြန်ရေယာဉ်က ခရီးသည် (၂၀၀)ခန့် တင်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ (၅၀)ရာခိုင်နှုန်းကိုပဲ တင်ဆောင်ပေးပါတယ်။ ယခု ခရီးသည် (၁၀၀)ထက်ပိုပြီး လက်မခံသေးပါဘူး။ လူဦးရေကန့်သတ်ထားပါတယ်။ မြိတ်ကနေ ဒီနေ့တစ်ခေါက်ထွက်ရင် နောက်နေ့ရပ်နားပါတယ်။ ကျွန်းစုမြို့နယ်ကနေ ခရီးသည်တင်လာပြီး ပြန်ပြေးဆွဲပေးပါတယ်” ဟု ကြံတိုင်းအောင် အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ကျွန်းစုမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကျွန်းစုမြို့မှ မြိတ်မြို့သို့ စီးနင်းရာတွင်လည်းကောင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့ လာရောက်ရာတွင်လည်းကောင်း၊ ရေလမ်းခရီးကိုသာ အဓိကအသုံးပြု သွားလာနေကြသည်ဖြစ်ရာ ထိုကဲ့သို့ စီးနင်းရာတွင် ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမြန်ရေယာဉ်တစ်ခေါက်လျှင် လိုက်ပါနိုင်သည့် လူဦးရေအား (၁၀၀) သတ်မှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်ပါစီးနင်းစေ၍ အမြန်ရေယာဉ် စီးနင်းခအား ယခင်က လူတစ်ဦးလျှင် ငွေ(၁၆၀၀)ကျပ် ကောက်ခံရာမှ ယခုအခါ လူတစ်ဦးလျှင် ငွေ(၃၀၀၀)ကျပ်နှုန်းဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ တစ်နေ့လျှင်တစ်ခေါက်သာ စတင်ပြေးဆွဲပေးနေပြီး ကျွန်းစုမြို့နယ်မှ မြိတ်မြို့နယ်သို့လည်း တစ်နေ့လျှင်တစ်ခေါက်သာ ပြေးဆွဲပေးနေကြောင်း သိရသည်။

 

မြိတ်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ငယ်ဗောတံတားမှ တစ်နေ့ခြားတစ်ခါ ပြေးဆွဲပေးနေပြီး မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ လူတစ်ဦးလျှင် ငွေကျပ် (၃၀၀၀)ပေးရကြောင်း သိရသည်။ ယခင်က ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် မြိတ်မြို့မှ ကျွန်းစုမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခရီးသည်တင်အမြန်ရေယာဉ်များ ပြေးဆွဲမှုကို (၃)လနီးပါးကြာ ရပ်နားထားခဲ့ရကြောင်းနှင့် ယခုအခါ မြိတ်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ငယ်ဗောတံတားမှ တစ်နေ့ခြားတစ်ခါ ပြေးဆွဲပေးနေပြီး မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ ခရီးသည်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀) ပေးရကြောင်း သိရသည်။

 

ယခုအခါ ရောဂါကူးစက်မှု နည်းပါးလာသည့်အတွက် ကြံတိုင်အောင်အမြန် ရေယာဉ်-၃ ဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့သို့ လူဉီးရေကန့်သတ်ချက်များနှင့်အညီ စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင့်နှင့် ကျွန်းပေါ်ရှိ ကျေးရွာတချို့သို့လည်း လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)