မြိတ် ၁၂ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစုရှိ ကျွန်းများသည် ပင်လယ်ကမ်းခြေများ၏လှပမှု၊ သဘာဝအတိုင်းတည်ရှိနေသည့် ရေပေါ်ရေအောက်သယံဇာတများ၏ လှပမှုများကြောင့် မြိတ်ကျွန်းစုသို့ ပြည်တွင်းပြည်ပ ဧည့်သည်လာရောက်လည်ပတ်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျက်ရှိသည်။
“တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်-ကျွန်းစုခရီးစဉ်များ ကမ္ဘာကပိုမိုသိရှိနိုင်စေရန်နှင့် နိုင်ငံတကာခရီးသွားများ ပိုမိုရရှိစေရန် ရည်ရွယ်ပြီးတော့ နိုင်ငံတော်အဆင့် ခရီးစဉ်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတဲ့အတွက် မကြာခင်ကာလမှာ မြန်မာနိုင်ငံရဲ့ အဓိက ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိတော့မှာလည်း ဖြစ်ပါတယ်” ဟု ၂၀၁၉-၂၀၂၀ ခုနှစ် မြိတ်ကျွန်းစု ခရီးသွားရာသီဖွင့်ပွဲတွင် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောကြားသည်။
၂၀၁၉-၂၀၂၀ ခုနှစ် မြိတ်ကျွန်းစု ခရီးသွားရာသီ အထိမ်းအမှတ်ဖွင့်ပွဲကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက မြိတ်မြို့ ကမ်းနားလမ်းရှိ ဆိပ်ငယ်ဗောတံတားအရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့က အမှာစကား ပြောကြားကြသည်။ ထို့နောက် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ကျေးဇူးတင်စကားပြောကြား၍ ၂၀၁၉-၂၀၂၀ ခုနှစ် ခရီးသွားရာသီကို ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
“ခရီးစဉ်က ထွက်နေကြအတိုင်း လေးကျွန်းဘက်သွားတဲ့ခရီးစဉ်၊ စမတ်ကျွန်းဘက်သွားတဲ့ခရီးစဉ်၊ ဘီလီကျွန်းကိုထပ်တိုးလာတဲ့ ခရီးစဉ်တွေရှိပါတယ်။ ခရီးသွားဧည့်သည် တစ်နှစ်ထက်တစ်နှစ် ပိုများလာပါတယ်။ ၂၀၁၅ ခုနှစ်မှစပြီး ပြီးခဲ့တဲ့နှစ်ဆိုရင် သုံးသောင်းကျော်လာပါတယ်။ ဒီနှစ်ဆိုရင် ပိုလာကြမယ်လို့လည်း မျှော်လင့်ထားတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အနေနဲ့ ပြည်တွင်းလာတာက ပိုများပါတယ်။ ပြည်ပဧည့်သည်တွေက အဲလောက်ထိမလာသေးဘူး။ နည်းတော့နည်းသေးတယ်”ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆိုသည်။
“အဓိကတော့ မြိတ်ကျွန်းစုဒေသသည် မြန်မာနိုင်ငံရဲ့ အဓိကခရီးစဉ်ဒေသကြီး(၄)ခု (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး) ထဲတွင်တော့ မပါဝင်သေးဘူး။ အလားအလာအရှိဆုံး ခရီးစဉ်ဒေသတွင် တောက်လျှောက် ရှိနေပါတယ်။ တချိန်ချိန်မှာ မြန်မာနိုင်ငံလာမယ်ဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး ခရီးစဉ်ဒေသအပြင် မြိတ်ကျွန်းစုဆိုတဲ့ ခရီးစဉ်ဒေသကြီးတစ်ခုဖြစ်လာအောင် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေပါတယ်။ ခရီးသွားရာသီမှာ မနှစ်ကထက် ဒီနှစ်ပိုတိုးတက်လာဖို့ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ခရီးစဉ်ဒေသဖွံ့ဖြိုးဖို့ကူညီတာတွေ အများကြီးရှိပါတယ်” ဟု တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။
မြိတ်ကျွန်းစုသို့ အပန်းဖြေလာရောက်ကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များကို ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ(၃၀)ကျော်မှ Speed Boat အစီး(၄၀)ကျော်ဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး အပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ ဘေးကင်းလုံခြုံရေးအတွက် ကြီးကြပ်ရေးကော်မတီဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိဖြစ်ကြောင်း၊ ထို့အတူ ခရီးသွားလုပ်ငန်းလုပ်ငန်းများအား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ခရီးသွားများ၊ ဧည့်လမ်းညွှန်များ၊ ရေယာဉ်မောင်းသူများနှင့် ရေယာဉ်ပိုင်ရှင်များ၊ ခရီးစဉ်စီစဉ်သောကုမ္ပဏီများ လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း မြိတ်ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


