မြိတ်၊ မဟာအောင်မြေ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် မိုင်းဖြတ်မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်တွင် ဖိုးဇော်(ခ) ဟာတင် မောင်းနှင်ပြီး မဖြူသီဦး(ခ) မဖြူ လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကိုစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၂)၊ ပြည်ကြီးမျက်ရှင်ကားကြီးဝင်းအတွင်း မြင့်ခိုင်(ခ)ဗိုက်ကြီး (ခ)မိုးလွင်ကို မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်း ကောင်း၊  ကွင်းဆက်အရ နောင်ချိုမြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၇၉/၁)၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဇော်တူးကို မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

အလားတူယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၂) ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် ကျော်မြတ်သူ (ခ)မြတ်သူကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ တာလကျေးရွာ အနီးတွင် ကျခူ မောင်းနှင်ပြီး မနံဘား လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၇ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)