နေပြည်တော်   ၂၈   ဇန်နဝါရီ  


မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်ကျေးရွာနေ မခင်နဒီဇော်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၈၀ ကိုလည်းကောင်း၊ 


အလားတူ ထိုနေ့ည ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအုပ်စု၊ ညောင်နီကျေးရွာအနီး၊ မိုးမိတ်-မန်တုံသွား ကားလမ်းတွင် ဇော်လွမ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလို ကိုလည်းကောင်း၊ 


ထို့အတူ ယင်းနေ့ ည ၁၀ နာရီတွင်  တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် လော်ကာ မောင်းနှင်ပြီး အားဖာ လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား