နေပြည်တော် ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်တွင် အေးဝင်း မောင်းနှင်ပြီး မျိုးဝင်း လိုက်ပါလာသည့် HYUNDAI KMFPA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ခြူးကိုကို ကို မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင် ကျေးရွာတွင် လည်းကောင်း၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင် သက်လှိုင်စိုး ကို မြိတ်မြို့၊ ကမ္ဘာလုံးဘုရားအနီးတွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျော်ဆွေ ကို မြိတ်မြို့နယ်၊ စန္ဒဝတ် ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာတွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၆ နာရီတွင် သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာအုပ်စု၊ သူဌေးကွင်းကျေးရွာတွင် ဝင်းကိုကို စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉,၈၀၀ ကိုလည်းကောင်း၊ထိုနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ နှင့် မြန်မာငွေကျပ် ၁၇ ဒသမ ၇ သိန်းတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး ကွင်းဆက်အရ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ဓညဝတီလမ်းတွင် တင်ဝင်းလှိုင်(ခ)ဇော်ဝမ်း ကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား