တနင်္သာရီ ၁၂ ဩဂုတ်


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၄)ပေအထက် (၅ လက်မ) ကျော်လွန်ရောက်ရှိနေပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး၏ တစ်ချို့အနိမ့်ပိုင်းနေများတွင် မြစ်ရေကျော်နေသဖြင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်  တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ တပ်မတော်ဖိုင်ဘာလှေနှစ်စီး၊ မီးသတ်ဦးစီးဌာန ဖိုင်ဘာလှေတစ်စီး၊ အရပ်ဘက်မှ လက်လှော်လှေများနှင့် ဝါးဖောင်/သစ်ဖောင် စသည့်တို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နေရာအလိုက်အုပ်စုခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် (၈၃၄ နှင့် ၈၃၅) ကီလိုမီတာအကြား လယ်တောင်ယာရွာအနီးတွင် အရှည် ပေ ၁၅ဝဝ၊ အနက် ၄ ပေ၊ မိုင်တိုင်အမှတ် (၈၃၁.၅ နှင့် ၈၃၂) ကီလိုမီတာအကြားရှိ အောက်ကင်းကျေးရွာအနီးတွင် အရှည်ပေ ၄ဝဝ၊ အနက် ၃ ပေ ၉ လက်မ၊ မိုင်တိုင်အမှတ် (၈၂၈.၅) ကီလိုမီတာအနီး အော်ကြီးကျေးရွာ၌ အလျား ပေ ၇ဝဝ၊ အနက် ၁ ပေ ၉ လက်မ၊ မိုင်တိုင်အမှတ် (၈၂၅.၅) ကီလိုမီတာအနီး ဥယျာဉ်ကွင်းကျေးရွာတွင် အရှည်ပေ ၂၅ဝ၊ အနက် ၁ ပေ ၉လက်မခန့်နှင့် မိုင်တိုင် (၈၂၃.၅) ကီလိုမီတာအနီးရှိ အရှေ့မော်တုန်းကျေးရွာတွင် အရှည်ပေ ၆ဝဝ ခန့်၊ အနက် ၁ ပေ ၃ လက်မဖြင့် လမ်းမအပေါ်နေရာများတွင်  မြစ်ရေကျော်နေသဖြင့် ခရီးသွားပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရန် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ လူနှင့်ပစ္စည်းများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။


သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)