ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဇူလိုင်လ ၃၀ ရက်နေ့ အလုပ်သဘော ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရာတွင် မြန်မာနှင့် အာဆီယံကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို လေ့လာသည့် အာဆီယံ ဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိကာလ အရေးကိစ္စ များစွာရှိသည့်အနက် နိုင်ငံတကာ၏ စိတ်ဝင်စားမှု၊ ပါဝင်ပတ်သက်မှုရှိသော ကိစ္စမှာ ရခိုင်ပြည်နယ် အရေးကိစ္စဖြစ်သည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူသားချင်း စာနာထောက်ထားရေး၊ ပြန်လည်လက်ခံရေး စသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအစိုးရ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် စသည့် ကော်မရှင် အမျိုးမျိုးဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည့်အပြင် အာဆီယံ ဆန်းစစ်လေ့လာရေး အဖွဲ့အနေဖြင့်လည်း အစီရင်ခံစာတင်သွင်းပြီး အကြံပြု ချက်များပါအတိုင်း အကောင်အထည်ဖော်ရန် စီစဉ်နေသည်။
ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံ ကွဲပြားခြားနားကြသည်။ မြန်မာနိုင်ငံ အပေါ် အကောင်းမမြင်ဘဲ ဖိအားပေးလိုသော နိုင်ငံများ၊ တစ်ဖက်သတ် ဘက်လိုက်သော နိုင်ငံများရှိကြသကဲ့သို့ မြန်မာနိုင်ငံ အပေါ် အပြုသဘောဆောင် အကောင်းမြင်သော နိုင်ငံများ၊ စိတ်ရင်းစေတနာမှန်၊ စိတ်ကောင်းစေတနာ သက်သက်ဖြင့် ကူညီ ဆောင်ရွက်ပေးနေသော နိုင်ငံများလည်း ရှိသည်။ ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရာတွင် အခြေအနေကို ပိုမိုရှုပ်ထွေး သွားစေပြီး အသိုက်အဝန်းများကို ပိုမိုဝေးကွာသွားစေမည့် အပြုအမူ၊ လုပ်ဆောင်မှုများကို ရှောင်ရှားကြရန် အရေးကြီးသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံးအတွက် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကတိပြုထားပြီး ကော်မရှင်များဖွဲ့စည်းကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံနိုင်ငံတို့နှင့် ပူးပေါင်း၍ နေရပ်ပြန်လာမည့် သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေးကို တိတိကျကျ မှန်မှန်ကန်ကန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ယခု မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများသည် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို အစားထိုးဆောင်ရွက်ရန် မဟုတ်ဘဲ အာဆီယံနိုင်ငံ အချင်းချင်း အပြန်အလှန် အားဖြည့် ကူညီပေးခြင်းသာ ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသော ကာလတွင် မြန်မာအစိုးရ၏ ရင်ဆိုင်ကြုံတွေ့နေသော စိန်ခေါ်မှုများအနက် စိန်ခေါ်မှုတစ်ခုသာဖြစ်ပြီး နိုင်ငံတကာ မီဒီယာများက လွဲမှားစွာ ပုံဖော်မှုကြောင့် ကမ္ဘာက အာရုံစိုက်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အရေးကိစ္စသည် အလွန်သိမ်မွေ့နက်နဲ ရှုပ်ထွေးပြီး နောက်ခံအကြောင်းတရား များစွာရှိသဖြင့် သတိပြု ကိုင်တွယ်ဆောင်ရွက်နေရသည်။ အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှုတို့ တည်ဆောက်နိုင်ရေးနှင့် သဟဇာတရှိစွာ အတူတကွ ပေါင်းစည်းနိုင်ရေးအတွက် စိတ်ရှည်လက်ရှည် အချိန်ယူဆောင်ရွက်ရန် လိုအပ်သည်ကို နားလည်လက်ခံပြီး လက်တွဲပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများ အကြား သဟဇာတဖြစ်ရေးနှင့် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအား အာဆီယံနိုင်ငံများ၏ ထောက်ခံကူညီ အားပေးမှုကို ကြိုဆိုရမည်ဖြစ်သလို ရခိုင်ပြည်နယ် အရေးသာမက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောဆောင်သည့် မိတ်ဆွေနိုင်ငံများနှင့် ဆက်လက်လက်တွဲ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။