မြိတ်   ၁၈   မေ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး မြိတ်ဆိပ်ကမ်းတွင် ဝင်ထွက်သွားလာသူများနှင့် ကုန်စည်များအား  သယ်ယူပို့ဆောင်ပေးလျက်ရှိသည့် စက်တပ်သမ္ဗန်လှေ မောင်းနှင်သူများသည် ကိုဗစ်ကာလတွင် ဝင်ငွေသုံးပုံနှစ်ပုံကျဆင်းခဲ့သဖြင့် ၄င်းတို့၏မိသားစု စားဝတ်နေရေး အခက်အခဲများဖြစ်နေကြကြောင်း သမ္ဗန်လှေ မောင်းနှင်နေသူများထံမှ သိရသည်။

 

“အရင်တုန်းနဲ့စာရင် တော်တော်လေးကြပ်တည်းပါတယ်။ မိသားစုတစ်နေ့တာအတွက် လုပ်ကိုင်အဆင်ပြေပါတယ်။ တစ်နေကုန်မောင်းပြီး ညနေစောင်းထိလုပ်ရင်အဆင်ပြေပါတယ်။ အခုက စောစောရောညနေပါမောင်းမှ ပိုက်ဆံ လေးငါးထောင်ရအောင် မနည်းလိုက်မောင်းနေရတယ်။ သုံးပုံမှာနှစ်ပုံလောက် လျှော့ကျသွားပါတယ်။ စားဝတ်နေရေးက ကြပ်တည်းပါတယ်။ ကြပ်တည်းလည်း ဒီရောဂါကြီးရှိနေသ၍ ဒီမျိုးပဲဖြစ်နေဦးမှာပါ” ဟု သမ္ဗန်မောင်းနှင်နေသူ ဦးမိုးငယ်က ပြောသည်။

 

ကိုဗစ်မဖြစ်ခင်ကာလက သမ္ဗန်တစ်စီး၌ လူငါးဦးခြောက်ဦး ပို့ဆောင်ပေးခဲ့ရပြီး ယခုအချိန်၌ သမ္ဗန်တစ်စီးတွင်  နှစ်ဦးသုံးဦးသာ လာရောက်စီးကြကြောင်း၊ မြိတ်တဖက်ကမ်းသို့ ပို့ဆောင်ရာတွင် လူတစ်ယောက်ကို သုံးရာ ကျပ်သာရရှိကြောင်း၊ သမ္ဗန်အုံနာယူထားသူများမှ အုံနာရှင်ကို တစ်ရက်ငါးထောင်ပေးကြရကြောင်း၊ တချို့သမ္ဗန် မောင်းသူများမှာ အုံနာဖိုးနှင့် မိသားစုစားဝတ်နေရေးအတွက် ကြိုးစားဆောင်ရွက်နေကြရပြီး အကြပ်အတည်းများဖြစ်လျက်ရှိကာ အကြွေးတင်နေသူတစ်ချို့ရှိကြောင်း သိရသည်။

 

“လက်ရှိအခြေအနေမှာတော့ စီးပွားရေးက ကြပ်ပါတယ်။ ရောဂါပိုးဒီလိုမျိုးဖြစ်၍ ငါးဖမ်းလှေတွေက မဝင်တော့ သမ္ဗန်သမားတွေမှာ နည်းနည်းကြပ်ပါတယ်။ အရင်က သမ္ဗန်မောင်းတာ ရှစ်ထောင်ကိုးထောင်လောက်ရပါတယ်။ ငါးဖမ်းလှေတွေဝင်လာရင် နှစ်သောင်းလောက်ရပါတယ်။ အခုလက်ရှိအချိန်မှာ သုံးလေးထောင်ရအောင် မနည်းလိုက်ရှာနေရပါတယ်။ ငါးဖမ်းလှေတွေကို ကိုဗစ်ဖြစ်ကတည်းက မဝင်လာကြတော့ သူတို့ကိုမှီခိုပြီး လုပ်နေကြတော့ ကြပ်တည်းအခက်အခဲရှိပါတယ်။ အဆင်ပြေသလိုပဲ မိသားစုစားနိုင်သောက်နိုင်အောင် လိုက်ပြီးကြိုးပမ်း နေရတယ်” ဟု ဦးအောင်အောင်  သမ္ဗန်မောင်းနှင်နေသူက ပြောသည်။

 

မြိတ်ဆိပ်ကမ်းတွင် ရေဆင်းတံတားနှင့် ဆိပ်ခံတံတား(၈)ခုရှိရာ အဆိုပါတံတားများတွင် စက်တပ်သမ္ဗန် အစီးရေ ၂၀ဝ ခန့်မှ ကုန်စည်များ၊ ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ မြိတ်မြို့တစ်ဖက်ကမ်းရှိ လျောင်းတော်မူ ဘုရားဖူးများအား ပို့ဆောင်ပေးခြင်း၊ ငါးဖမ်းလှေ၊ ကုန်လှေများသို့ လှေသားများ ပို့ဆောင်ပေးခြင်းဖြင့် တစ်နေ့ရသည့် ဝင်ငွေများသည် ဖူလုံမှုရှိပြီး ကိုဗစ်ကာလတွင် ရောဂါဖြစ်ပွားမှာကို စိုးရိမ်ကြသော်လည်း စားဝတ်နေရေး အဆင်ပြေရန် ဆောင်ရွက်နေကြရကြောင်း၊ ယခုအချိန်တွင် ဧည့်သည်များလာရောက်မှုနည်းပါးလျက်ကာ ဝင်ငွေ အနေဖြင့် ယခင်ကထက် သုံးပုံနှစ်ပုံ လျှော့နည်းခဲ့၍ စားဝတ်နေရေး အခက်အခဲများဖြစ်နေကြကြောင်း သမ္ဗန်လှေ မောင်းနှင်နေသူများထံမှ သိရသည်။

 

ခိုင်ထူး (မြိတ်ပြန်/ဆက်)