နေပြည်တော်၊ ဧပြီ ၃၀ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်အတူ ယမန်နေ့က ကျွန်းစုမြို့နယ် ကက္ကလူကျေးရွာရှိ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ပုစွန်မွေးမြူရေးကန် နှင့် ပုစွန်ပြုပြင်ထုတ်လုပ်ရေးစက်ရုံများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးလှသန်းက မြိတ်ဒေသ၌ ပုစွန်မွေးမြူရေးလုပ်ငန်း ဧက (၂၀၀၀) ခန့်ရှိပြီး ဧက (၆၀၀) ခန့် GAqP (ဂျီအေကျူပီ) ကျင့်စဉ်များကို လိုက်နာကျင့်သုံး လုပ်ကိုင်လျက်ရှိမှု၊ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် တာဝန်ရှိသူများက တရုတ်နိုင်ငံ GACC စစ်ဆေးရေးအဖွဲ့မှ ပုစွန်မွေးမြူရေးကန်အား Video Inpection စနစ်ဖြင့် အစစ်ဆေးခံခဲ့မှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မွေးမြူရေးလုပ်ငန်းနှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ဝယ်ယူခြင်း၊ အချောကိုင်ခြင်း၊ သိုလှောင်ခြင်း၊ စစ်ဆေးခြင်း၊ ရောင်းချခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်ကို တိကျသေချာစွာ မှတ်တမ်းတင်ထားရန်လိုအပ်ချက်များ၊ ဓာတုဓါတ်ကြွင်း စောင့်ကြည့်စစ်ဆေးမည့် အစီအမံများ၊ ငါးပုစွန်အပါ အဝင် ရေသတ္တဝါဆိုင်ရာ ထုတ်ကုန်များတွင် ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် စောင့်ကြည့်ရန် လိုအပ်ချက်များ၊ ပို့ကုန်များထုတ်လုပ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး နှင့် ပြည်ပစျေးကွက်ခိုင်မာရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။    

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုစွန်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ပုစွန်ကန်များသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ပြည်ပပို့ကုန်ချော ထုတ်လုပ်နေမှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။

ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ပုစွန်မွေးမြူရေးကန် ဧက (၄၅၀) မှ တစ်နှစ်လျင် သုံးကြိမ်မွေးမြူ ထုတ်လုပ်လျက်ရှိရာ နှစ်စဉ် ပုစွန် (၃၅) တန်ခန့်ထွက်ရှိကြောင်း သိရသည်။ 

အလားတူ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခိုင်ဇင်ယော် ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်း သို့ရောက်ရှိကြပြီး  ပုစွန်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုစွန်ကန်များ သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ပြည်ပပို့ကုန်အဖြစ် ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်တို့ကို ကြည့်ရှု စစ်ဆေးအားပေးကြသည်။ 
ဆက်လက်၍ တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ကျောက်ငါး (Epinephlus malabaricus,Malabar grouper) ကို ပေးအပ်ရာ ဒုတိယဝန်ကြီး က လက်ခံရယူသည်။ 

ညနေပိုင်းတွင် ဒုတိယဝန်ကြီး၊ တိုင်း‌ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများသည် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ပြည်ပပို့ကုန် ပုစွန်ကုန်ချောအအေးခန်းစက်ရုံတွင် ပုစွန်ကုန်ကြမ်း လက်ခံသည်မှ ကုန်ချော ထုတ်လုပ်နေမှုအဆင့်ဆင့် နှင့် ပုစွန်အေးခဲ ထုတ်ပိုးမှုလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်