၂၆  ဇန်နဝါရီ

မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံရေး အတွက် မြန်မာနိုင်ငံဘက်တွင် အသင့်ရှိနေပြီဖြစ်သည်။ အပြောမဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြမည်ဟူသော သန္နိဋ္ဌာန်နှင့်အညီ မိမိတို့ဘက်မှ လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ခြင်း အားဖြင့် ကာယကံရှင် နှစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် မိမိတို့နိုင်ငံအကြား သဘောတူညီချက်များအတိုင်း တိမ်းရှောင်သွားသူများ ပြန်လည် လက်ခံရေးကို အသင့်ဖြစ်လျက်ရှိခြင်း ဖြစ်သည်။ သဘောတူစာချုပ်ပါ နေ့ရက်အတိအကျအတိုင်း မိမိတို့နိုင်ငံဘက်က အဆင်သင့် ဖြစ်နေပါပြီ ဆိုသည့်တိုင်အောင် တစ်ဖက်နိုင်ငံတွင်မူ အကြောင်းကြောင်းများဖြင့် ကြန့်ကြာနေရသည်ဟုဆိုသည်။

 

 

 

ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံး ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များသည် ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောနှင့် ကျောက်ဖြူဒေသများသို့ သွားရောက်ကာ မြေပြင်ပကတိ အခြေအနေများ၊ ဒေသခံများ၊ ပြန်လည် စိစစ်လက်ခံနေရာချထားပေးရန် ဆောင်ရွက်ထားမှုများကို ကိုယ်တွေ့ မျက်မြင် သိရှိနိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာခီရတ်ဆတ်သီယာထိုင်း ဦးဆောင်ပြီး ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်သည့် အဆိုပါ အကြံပေးအဖွဲ့အနေဖြင့် စတင်ဖွဲ့ စည်းခဲ့သည့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ကွင်းဆင်းကြည့်ရှုနိုင်ခြင်းလည်း ဖြစ်သည်။

 

 

 

မောင်တောဒေသတွင် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုများ ပြုလုပ်စဉ်ကာလ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားရောက် ကြစဉ်က မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေးဟုဆိုကာ ငြာသံပေးပြီး ဘေးတီးခဲ့ကြသူများမှာ မြန်မာနိုင်ငံက တရားဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်လက်ခံရန် လက်တွေ့ကျကျ ပြင်ဆင်ဆောင်ရွက်ပြီး၍ ပြန်လည် လက်ခံရန်အသင့် ရှိပြီဟုဆိုသောအခါ တီးလုံးပြောင်းကာ နောက်ထပ် ခေါင်းစဉ်များ ရှာဖွေတပ်၍ ပြဿနာမပြေလည်ရေး၊ အခြေအနေများ ပိုမိုရှုပ်ထွေးခက်ခဲရေး၊ ၎င်းတို့လိုချင်သည့် ပုံစံသွင်းပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားများ ကျရောက်စေရေးကိုသာ ဆောင်ရွက်လိုကြသည့် အနေအထားမျိုးကို ဖန်တီးနေကြသည့် လက္ခဏာများလည်း တွေ့လာ နေရပြီ ဖြစ်သည်။

 

 

ဒေါက်တာ ဆူရာခီရတ်ဆတ်သီယာထိုင်း ဦးဆောင်သည့် အကြံပေး အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ဇန်နဝါရီ ၂၄ ရက် နှင့် ၂၅ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်၍ မြေပြင်အခြေအနေ လေ့လာခြင်း၊ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြသည်။ အကြံပေး အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် Governor Bill Richardson သည် ဇန်နဝါရီ ၂၂ ရက်နေ့ ဆွေးနွေးမှုများအတွင်း အကြံပေးအဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းဘောင်ကို ကျော်လွန်ကာ ပုဂ္ဂလိကအကျိုးကို ရှေးရှုခဲ့သည့်အပြင် နိုင်ငံတကာမီဒီယာ များနှင့်တွေ့ဆုံမှုများတွင်လည်း အကြံပေးအဖွဲ့နှင့်စပ်လျဉ်း၍ မမှန် မကန် စွပ်စွဲပြောကြားမှုတို့ ရှိခဲ့သည်။

 

 

ရခိုင်ပြည်နယ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော မောင်တောဒေသ အရေးသည် မိမိတို့နိုင်ငံ၏ အရေးသာလျှင် ဖြစ်သည့်အလျောက် ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဒေသခံပြည်သူများ ဘဝလုံခြုံမှုရှိစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့ကိုယ်တိုင်မဖြစ်မနေ ဆောင်ရွက် ရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့နိုင်ငံအပေါ် နားလည်စာနာကာ စေတနာမှန်ဖြင့် ကူညီဆောင်ရွက်ပေးကြမည့် မိတ်ကောင်းဆွေကောင်းများ၏ အကြံအား ဉာဏ်အား ကူညီမှုများကို ရယူ ဆောင်ရွက်သွားရမည်သာ ဖြစ်သည်။ တစ်ဖက်တွင်လည်း စေတနာ မှန်ကန်မှုအပေါ် မေးခွန်းထုတ်ဖွယ်ရာတို့ ရှိနေသော၊ ပုဂ္ဂလိက အကျိုးကိုသာ ရှေးရှုဆောင်ရွက်လိုသော၊ ထင်ရာမစိုင်းရသဖြင့် ကျောခိုင်းတတ်သော အပြုအမူမျိုးနှင့် လူပုဂ္ဂိုလ်မျိုးအတွက်ကိုမူ ဝမ်းနည်းပါသည်ဟု ဆိုရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း။