မိတ်ကောင်းဆွေလာနှစ်သစ်မှာ ငြိမ်းချမ်းမင်္ဂလာတိုးပါစေ



ဒေါက်တာမြတ်မိုး
 “မိတ်ဆွေဟူသည် မိတ်ဆွေကောင်း၊ မိတ်ဆွေညံ့ဟူ၍ နှစ်မျိုးရှိရာ  မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းဆက်ဆံဆည်းကပ်ရာ၏။ ထိုမိတ်ဆွေကောင်းတို့အား ပေါင်းသင်းဆက်ဆံမှီဝဲ ဆည်းကပ်ခြင်းဖြင့် မိမိအတွက်  အကျိုးများရာ၏။ မိတ်ဆွေကောင်းအပေါ်   ယုတ်ညံ့သောစိတ်ဖြင့် မပြစ်မှားရာ။" ပဏ္ဍိတ၀ဂ် ( ဓမ္မပဒ -၇၈ ) ဟူ၍ပြဆိုထားသည့် “မိတ်ဆွေကောင်း နှင့်   ပေါင်းသင်းအပ်ပုံ” စာပိုဒ်လေးတစ်ခု၊ နေ့စဉ်ထုတ်  နိုင်ငံပိုင်သတင်းစာမျက်နှာဖုံးများမှာ နေရာယူဖော်ပြခြင်းခံရသည်ကို သတိပြုမိသည်မှာ လပေါင်းအတော်ကြာပါပြီ။
ဗုဒ္ဓအဆုံးအမဒေသနာတစ်ခုပါ
ဂါထာအသွင်  သိမ်းဆည်းထားတဲ့   ကျေးဇူးရှင် မြတ်စွာဘုရား၏ တရားဒေသနာများစွာထဲက ကလျာဏ မိတ္တ မိတ်ဆွေကောင်းနဲ့ မိတ်ဆွေတုကို  ခွဲခြားတတ်အောင် ဟောကြားထားလေတဲ့   အဆုံးအမ  ဒေသနာတစ်ခုပင် ဖြစ်ပါတယ်။ မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေပေါများပြီး မိတ်ဆွေအစစ်အမှန်ရှားပါးတဲ့  ယနေ့ခေတ်အတွက်  မိတ်ဆွေပီသသူကို တန်ဖိုးထားအပ်တဲ့ ဒေသနာတစ်ခု လည်းဖြစ်ပါတယ်။  ဒါကြောင့်လည်း  စာရေးသူအနေနဲ့ ယခုလိုနှစ်ဦးအခါသမယ၊ အသစ်အသစ်တွေ ကူးပြောင်း တဲ့ကာလတစ်ခု ကြုံကြိုက်စဉ်မှာ ရတနာတမျှ ထိုက်တန် လှတဲ့   မိတ်ဆွေကောင်းများစွာ   ပိုင်ဆိုင်နိုင်ဖို့၊  အဆိုး အကောင်းမှန်သမျှ မျှဝေခံစားနိုင်မယ့် မိတ်ဆွေစစ်များစွာ ရှာတွေ့နိုင်ဖို့၊ အဖျက်သဘောဆောင်လေတဲ့ မိတ်ဆွေ ယုတ်၊ မိတ်ဆွေညံ့တွေကို ရှောင်ခွာ သွေဖည်နိုင်ဖို့အတွက် စေတနာကောင်းဖြင့်  ဖွေရှာရေးသားမိခြင်းပဲဖြစ်ပါတယ်။
မိတ်ဆွေစစ်နဲ့မိတ်ဆွေတုဆိုတာ
ကျွန်တော်တို့    တစ်ဦးချင်းအနေနဲ့ပဲကြည့်ကြည့် လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေအစစ်အမှန်ရဖို့ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ မွေးကတည်းက  တစ်ယောက်တည်းဆိုပေမယ့်  ဘ၀ တစ်ခုဖြတ်သန်းတဲ့အခါ  မဖြေရှင်းနိုင်တဲ့အခက်အခဲတွေ များစွာ ရှိကြမှာပါ။ နိုင်ငံမှာလည်း ထိုနည်းလည်းကောင်း ပဲပေါ့၊ ညှိရခက်တဲ့ ပြဿနာတွေ၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ရမယ့်  အခြေအနေတွေများစွာ  ရှိနိုင်ပါတယ်။  အထူး သဖြင့်  အကျပ်အတည်းကာလတစ်ခုမှာဆို  ပိုအရေးကြီး ပါတယ်။  ဘေးကျပ်နံကျပ်  အနေအထားမှာစစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ တန်ဖိုးဟာ ပိုလို့အရေးပါလာပါ တယ်။ မိတ်ဆွေတစ်ယောက်ဟာ ဘယ်လောက်အရေး ပါသလဲ၊ အလင်းရောင်ရှိစဉ်မှာထက်  အမှောင်ကာလမှာ သူ့ရဲ့တန်ဖိုးကို အမြတ်တနိုးနဲ့ တန်ဖိုးဖြတ်ကြည့်လို့ရပါ တယ်။ ဘယ်နေရာ  ဘယ်ဒေသမှာပဲဖြစ်ဖြစ် ကြောက်စရာ အကောင်းဆုံးနဲ့ ရွံစရာအကောင်းဆုံး သတိထားရမယ့် အရာဟာ မိတ်ဆွေတု၊ မိတ်ဆွေယောင်များပဲဖြစ်ပါတယ်။ 
မိတ်ဆွေကောင်းမရှိတဲ့ ၀န်းကျင်ဟာ ငြီးငွေ့ဖွယ် ဖြစ်သလို  အပျက်သဘောလည်းဆောင်တတ်ပါတယ်။  ကိုယ်ဒုက္ခရောက်နေစဉ်မှာ ဖယ်ခွာရှောင်ပြေးတတ်သူဟာ အစစ်အမှန်ကို ဖုန်းကွယ်ထားတတ်တဲ့  မိတ်ဆွေတုပဲပေါ့၊ ဟန်ဆောင်လိမ်ညာမှုတွေနဲ့ ချဉ်းကပ်တတ်ပြီး ကိုယ်ဒုက္ခ ရောက်နေစဉ်မှာ အားကိုးရာမဖြစ်ဘဲ ကျောချမှ ဓားပြမှန်း သိရတဲ့     နောက်ကျောဓားနဲ့ထိုးတတ်သူဟာလည်း တကယ့်ကို    မိတ်ဆွေ  မပီသသူလို့   ဆိုရပါမယ်။
မြိန်ရာဟင်းကောင်း ခင်ရာဆွေကောင်းဆိုသလို
နိုင်ငံတစ်နိုင်ငံအနေနဲ့       ကြည့်မယ်ဆိုရင်လည်း  နိုင်ငံတွင်းမှီတင်းနေထိုင်ကြတဲ့    ကိုယ့်တိုင်းရင်းသား လူမျိုးတစ်စုတစ်ဖွဲ့ဟာ      အခက်အခဲအကျပ်အတည်း များစွာတွေ့နေရပြီး  ဒုက္ခရောက်နေပြီဆိုရင်  ကျန်အဖွဲ့ အားလုံးနဲ့လည်း  အနည်းနဲ့အများဆိုသလို  သက်ဆိုင် ပတ်သက်နေတာမို့  အရေးကြီးသွေးနီးပြီး  အားလုံးက မျှဝေခံစားပေးတတ်ဖို့လိုပါတယ်။  အဖွဲ့တစ်ဖွဲ့ပျက်စီးပြီ ဆိုရင်၊     ဒုက္ခရောက်ပြီဆိုရင်    ကျန်အဖွဲ့တွေလည်း တစ်ပါတည်း    ပျက်သုဉ်းနိုင်တာမို့   အားလုံးကဝိုင်းပြီး ပြစ်တင်ရှုတ်ချနေတာထက် “မြိန်ရာဟင်းကောင်း၊ ခင်ရာ ဆွေမျိုးကောင်း” ဆိုသလို        အားပေးကူညီဖေးမတဲ့ စိတ်ထားနဲ့    စည်းစည်းလုံးလုံး   သစ္စာရှိရှိ     ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်းသည်သာလျှင်    မိတ်ဆွေကောင်း ပီသတယ်လို့   ဆိုနိုင်ပါတယ်။ အထူးသဖြင့်   မတူညီတဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ နောက်ခံအကြောင်း တရားအမျိုးမျိုး၊ ခံယူချက်အမြင်မတူညီမှုတွေ  ရှိနေတဲ့ နိုင်ငံတွေ၊   အဖွဲ့အစည်းတွေမှာဆိုရင်   ခက်ခက်ခဲခဲနဲ့ တည်ဆောက်ရယူထားရတဲ့ ပြန်လည် သင့်မြတ်မှုရပြီးမှ၊ မိတ်​ဆွေတွေ ဖြစ်နေကြပြီးကာမှ နားလည်မှုလွဲတာရယ်၊ သံသယစိတ်တွေ ၀င်လာတာရယ်ကြောင့် ရင်းနှီးမှုရပြီးသား မိတ်ဆွေတွေအဖြစ်ကနေ     ရန်သူတောင်ပြန်ဖြစ်သွား တတ်ကြတာမျိုးရှိပါတယ်။ ဒါကြောင့် တကယ့်နားလည်မှု ကောင်းကောင်းပေးနိုင်ဖို့နဲ့  သံသယစိတ်ထား  စိုးစဉ်းမျှ မထားကြဖို့ဆိုတာ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းတွေရဲ့ အမှန်အကန်   အရေးပါတဲ့အချက်တွေဆိုတာ   သိသာ ထင်ရှားလှပါတယ်။
ဒီနေ့ ဒီအချိန်မှာ လူ့အသိုင်းအဝိုင်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာပဲဖြစ်ဖြစ် မိတ်ဆွေစစ်၊  မိတ်ဆွေကောင်း၊ မိတ်ဆွေမှန်ဆိုတာ  တကယ့်ရှားပါးကုန်ပစ္စည်းတစ်ခုလို ဖြစ်သွားပါပြီ။ မွေးသည်မှ သေသည်အထိ ချမ်းသာမှုတွေ နောက်လိုက်၊ လူတွေဟာ လိုချင်တပ်မက်မှုနောက်လိုက်ရာ ကနေ လောဘဇောတွေ  ကိုယ်ကျိုးစီးပွားအလေးထားမှုတွေ နဲ့  ကမ္ဘာမီးလောင်  သားကောင်ချနင်းသူတွေ များလာပြီး မိတ်ဆွေစစ်    မိတ်ဆွေမှန်တွေရှားပါးလာတာကြောင့် တစ်ဦးချင်းစီမှာရော၊ ကမ္ဘာပေါ်မှာပါ  အထီးကျန်ဆန်မှု တွေ၊ တင်းမာမှုတွေ၊ ပဋိပက္ခတွေ အမြောက်အမြား တွေ့မြင် လာနေရပါတယ်။ မိတ်ဆွေအစစ်အမှန် ရှားပါးလာပေမယ့် ကိုယ့်အပေါ်ခုတုံးလုပ်မယ့် မိတ်ဆွေတု၊ မိတ်ဆွေယောင် တွေတော့  ပိုပိုပြီးများလာသလို ခံစားမိကြမှာပါပဲ။
မိတ်ဆွေပွားဖို့ အတ္တတွေလျှော့ကြစို့
ဒါကြောင့်လည်း ယခုလိုနှစ်ဆန်းကာလမှာ တစ်ဦးနဲ့ တစ်ဦး  မိတ်ဆွေဖွဲ့ကြပြီး လှိုက်လှိုက်လှဲလှဲနဲ့ အပြန်အလှန် နှုတ်ဆက်ကြစေချင်ပါတယ်။ သူ့အပြုံး  ကိုယ့်အပြုံးတွေ ဖလှယ်ကြစေချင်ပါတယ်။ ဖိတ်မန္တကပြုတာတွေ၊ ကြိုဆို တာတွေ၊   ကမ်းလင့်မှုတွေ    အပြန်အလှန်ပေးခြင်းဖြင့်  တစ်ယောက်အကြောင်းတစ်ယောက် သတင်းစကားပါးနိုင် အောင်၊  တစ်ဦးနဲ့တစ်ဦးသိနေအောင်  ခင်မင်နေအောင် ကြိုးစားကြစေချင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ကင်းကွာလို့ မရနိုင်ဘဲ အပြန်အလှန် အမှီသဟဲပြုနေရတဲ့ လူ့လောက လူ့အသိုင်းအဝိုင်းမှာ မိမိလိုအင်ဆန္ဒပြည့်ဝဖို့အတွက်တော့ အများနဲ့  ပေါင်းသင်းဆက်ဆံ  နေထိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပဲ  အဖွဲ့အစည်းတစ်ခု၊ ဒေသတစ်ခု၊ လူမျိုးတစ်ခုဟာ လည်း  လုံခြုံစိတ်ချရမှု၊ စိတ်အေးချမ်းသာယာပျော်ရွှင်လိုမှု၊ ဖွံ့ဖြိုးတိုးတက်လိုမှု၊ တည်ငြိမ်အေးချမ်းလိုမှု စတာတွေ အတွက် အခြားသောတစ်ပါးသူတွေ ၊ အဖွဲ့တွေနဲ့ နားလည်မှု တွေ၊  ယုံကြည်မှုတွေ တည်ဆောက်ကြရမှာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဝေးကွာနေပါစေ အဆင်ပြေပြေဆက်ဆံ ပြောဆိုပြီး တစ်ဦးနဲ့တစ်ဦး အထောက်အကူပြုနိုင်ဖို့ဆိုရင် ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့    အတ္တကိုရှေ့တန်းမတင် တတ်တဲ့  မိတ်ဆွေစစ်   မိတ်ဆွေမှန်တွေကို   ရှာဖွေမိတ်ဖွဲ့ တတ်ကြဖို့တော့ လိုအပ်ပါတယ်။
အမုန်းတွေချုပ်ဖို့  သံသယတွေလျှော့ကြစို့
ယနေ့ကာလဟာ လူသစ်စိတ်သစ်နဲ့ ကိုယ်စီပိုင်ဆိုင် ထားကြတဲ့ အခွင့်အလမ်းကောင်းတစ်ခုကို အသုံးချအမှီ ပြုပြီး၊   တစ်ဦးနဲ့တစ်ဦးအကြား၊   တစ်ဖွဲ့နဲ့  တစ်ဖွဲ့အကြား သံသယတွေလျှော့ချပြီး ချစ်ခြင်းတရားတွေကို   တိုးသည် ထက်      တိုးတည်ဆောက်ကြရမယ့်    ကာလတစ်ခုပါ။ ကိုယ့်ဘက်ကသာစတင်ပြီး ဖော်ရွေပြုံးရွှင်တတ်သူ၊ ကူညီ ဖေးမတတ်သူ၊ ကိုယ်ချင်းစာနားလည်ပေးတတ်သူ၊ အပေး အကမ်းရက်ရောသူ၊   အလိုက်သိ  အလျှော့ပေးတတ်သူ၊ ဘာသာတရားကိုင်းရှိုင်းပြီး   ရိုသေလေးစားတတ်သူ၊ နူးညံ့ သိမ်မွေ့ပြီး စိတ်ထားမြင့်မြတ်သဘောထားကြီးသူ၊ မေတ္တာ တရားကြီးမားပြီး     မျှဝေခံစားတတ်သူများဖြစ်အောင် ကြိုးစားအားထုတ်ကြစေချင်ပါတယ်။ 
မွန်မြတ်တဲ့ စိတ်ထားများ ကိုယ်စီကိုယ်စီ ရင်၀ယ်စွဲထင် နေပြီဆိုရင်တော့ အနုတ်လက္ခဏာဆောင်တဲ့ အမူအကျင့် ဆိုးတွေဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထံကနေ ငုပ်လျှိုး ပျောက်ကွယ်သွားမှာပဲ   ဖြစ်ပါတယ်။  မိတ်ဆွေကောင်း တစ်ယောက်ဆိုတာ       အငြိုးထား   အာဃာတတရားတွေ ချုပ်ငြိမ်းအောင်ပေးနိုင်ခဲတဲ့အရာကိုတောင်  ပေးဆပ်နိုင် အောင် အနစ်နာခံစွန့်စားတတ်သူပါ။ ဒုက္ခရောက်နေသူ တစ်ဦးတွေ့ရင်တောင် ကူညီဖို့ ကိုယ့်ဘက်က  အခက်အခဲ ရှိနေတယ်ဆိုဦးတော့  စာနာကရုဏာစိတ်လေးထားပြီး ကူညီတတ်သူပါ။ ကိုယ်ကပေးဆပ်လိုစိတ်များပြီး ရယူလို မှု   နည်းတယ်ဆိုရင်တော့   သူ့ဆီက   အဖိုးမဖြတ်နိုင်တဲ့ မိတ်ဆွေစိတ်ထားလေးတွေ   မကြာမီရရှိလာပါလိမ့်မယ်။ ယဉ်ကျေးတဲ့၊    အတ္တမများတဲ့၊      အလျှော့အတင်းအပေး အယူလုပ်တတ်တဲ့၊  သည်းခံနိုင်သမျှ  သည်းခံနိုင်စွမ်းများတဲ့ အနာဂတ်မျိုးဆက်သစ်များကို မွေးမြူလေ့ကျင့်ပေးကြ ရင်းနဲ့    တစ်ဦးမေတ္တာတစ်ဦး  ထားနိုင်ကြပါစေ၊ အမုန်း တရားတွေကို ဖယ်ရှားနိုင်ကြပါစေလို့လည်း ဆန္ဒပြုမိ ပါတယ်။
စိတ်ကောင်းထားမှ စိတ်ထားကောင်းမှာ
စစ်မှန်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ကို ပိုင်ဆိုင် ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့အတ္တကို ရှေ့တန်းမတင် ပါနှင့်လို့  ဆိုပါရစေ။ ကိုယ်ကိုယ်တိုင်တော့ မိတ်ဆွေ ကောင်းလိုချင်ပြီး ကိုယ့်ဘက်က မိတ်ဆွေမပီသတာမျိုး ဖြစ်နေသလားဆိုတာ    သတိထားပါ၊    မမေ့ပါနဲ့လို့  ဆိုပါရစေ။   မိတ်ဆွေစစ်ရချင်ရင်တော့   မိမိထံက ဒေါသအစား မေတ္တာကိုသာ  ပေးလိုက်စေချင်ပါတယ်။ မိမိရဲ့စိတ်ထားပြည့်ဝမှုကို     မှန်မှန်ကန်ကန်    ပြသပေး နိုင်ဖို့    လိုပါတယ်။    စိတ်ကောင်းထားတတ်မှသာ            ကိုယ့်စိတ်ထားလည်းကောင်းလာမှာပါ။    တကယ့် ကိုယ့်အတွင်းစိတ်ထဲက    ဖြစ်ပေါ်လာတဲ့   ရိုးသား ယဉ်ကျေးတဲ့ စိတ်ထားကောင်း ရှိမှလည်း စိတ်ကောင်း ရှိတဲ့မိတ်ဆွေတွေနဲ့ တွေ့နိုင်မှာ  ဖြစ်ပါတယ်။ ကိုယ်အမူ အရာ  ယဉ်ကျေးမှုနဲ့အတူ နူးညံ့သိမ်မွေ့တဲ့    စိတ် နှလုံးသား ခံစားမှုကို တစ်ပါးတည်း ပြသသင့်ပါတယ်။ အကျိုးစီးပွားချင်းမတူရင်      ရန်သူမည်တတ်တာမို့ သူ့အကျိုးကိုယ့်အကျိုး အပြန်အလှန်လေးစားမှုပြ ပြီး အကျိုးစီးပွားချင်း   နီးစပ်အောင်   ညှိနှိုင်းပြုပြင်ကြ ပြီးတော့ မိတ်ဆွေဖြစ်အောင် တည်ဆောက်သင့်ပါတယ်။ သူ့အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးမှာကို မလိုလားတဲ့ ကျေးဇူးပြုတတ်တဲ့ ၊   ကောင်းမွန်တဲ့   စိတ်နှလုံးကောင်း မျိုး  တကယ်မွေးမြူထိုက်တဲ့စိတ်ထားမျိုးပါ။   ကိုယ် တစ်ယောက်တည်းနဲ့ ကိုယ်လိုချင်တာရဖို့၊ ကိုယ်လုပ်ချင် တာလုပ်နိုင်ဖို့ ခက်ခဲတတ်တာမို့ တစ်ဦးတည်း  ခွဲထွက် လို့မရတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ လူတွေအားလုံးကို ကိုယ့်ဘဝရဲ့  လက်တွဲခရီးဖော်တွေအဖြစ်သတ်မှတ်ပြီး လူတိုင်းကို မထီမဲ့မြင်မပြုဘဲ လေးလေးစားစား ဆက်ဆံ ကြမယ်ဆိုရင် စစ်မှန်တဲ့မိတ်ဆွေမှန်ကို  တွေ့ရပါလိမ့် မယ်။ အမုန်းတရားမဖွဲ့ဘဲ အပြုံးနဲ့ပြသနိုင်တဲ့ မိတ်ဆွေ ကောင်းဆိုတဲ့  စိတ်နှလုံးကို မွေးမြူနိုင်ဖို့ပဲ  လိုတာပါ။
 ထိုသို့ဆိုလျှင် ဒီနေ့ဒီအချိန် ဒီအခါသမယမှာ မိမိရဲ့ မိတ်ဆွေအနည်းအကျဉ်းလေးနဲ့ စတင်စုဖွဲ့ပြီး မိမိအခန်း ကျဉ်းလေးထဲမှာပဲဖြစ်ဖြစ်၊  ကိုယ့်ရပ်ရွာ  ကိုယ့်ဒေသ၊ ကိုယ့်အဖွဲ့အစည်းလေးတစ်ခုမှာပဲဖြစ်ဖြစ်၊ ပျော်ရွှင်စရာပွဲလေးတွေပြုလုပ်ပြီး    ပျော်စရာကောင်းတဲ့ဘဝကို တည်ဆောက်ကြပါလို့  အမှာပါးချင်ပါတယ်။ အချင်းချင်း ယုံကြည်ရတဲ့သူငယ်ချင်းမျိုး၊ အချင်းချင်းမှီခိုအားထား ရတဲ့ မိတ်ဆွေမျိုးနဲ့ ဘ၀တစ်ကွေ့မှာ ခင်မင်ခွင့်၊ တွေ့ကြုံ ခွင့် ရနိုင်ကြပါစေ။ အများသူငါနဲ့ ကိုယ့်ပတ်၀န်းကျင် အတွက်လည်း စစ်မှန်တဲ့  မိတ်ဆွေကောင်းတွေအဖြစ် ပြသနိုင်ကြပါစေ။  မိတ်မပျက်ယုံကြည်မှုတည်ဆောက်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့   ဘ၀တွေနဲ့   တည်ငြိမ်အေးချမ်း သာယာတဲ့   လူ့ဘောင်တစ်ရပ်အတွက်   အတူခရီးဆက် ချီတက်ကြပါစို့ဟုသာ   နှိုးဆော်   တိုက်တွန်းလိုက်ရ ပါတယ်။     ။
မြန်မာ့အလင်း