နေပြည်တော် မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မြိတ်မြို့၌ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ စားသုံးဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် ဆီအုန်း သုတေသနလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် ၊ တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ၊ ရော်ဘာနှင့် အခြားနှစ်ရှည်ပင် ဥယျာဉ်ခြံသီးနှံများနှင့် ရာသီသီးနှံများအတွက် လိုအပ်သော သုတေသန လုပ်ငန်းများ ဆက်စပ် ဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းနှင့်ရော်ဘာပင်တွင် ကျရောက်သော ပိုးမွှားရောဂါနှင့် အခြားဖျက်ဆီး တတ်သောသတ္တဝါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာပေးရန်၊ ဓါတ်မြေဩဇာနှုန်းထား အမျိုးမျိုး တို့ကို သုတေသနပြု၍ ဆီသီးခိုင် အထွက်အကောင်းဆုံးရရှိစေရေးအတွက် ဆီအုန်းစိုက်ခင်းများတွင် ထည့်သွင်းသင့်သော မြေဩဇာနှုန်းထားများ ထောက်ပံ့ပေးရန်၊ ဆီအုန်းနှင့်ရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာပြန့်ပွားရေးအတွက် တောင်သူများ လက်တွေ့အသုံးချနိုင်မည့် နည်းပညာသင်တန်းနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေ မြေ ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ လိုအပ်သော သွင်းအားစုများ အချိန်မီ အချိုးအစားမှန်ကန်စွာ ထည့်သွင်းနိုင်ရေး အပါအဝင် မျိုး၊ မြေ၊ ရေ၊ နည်းပညာလိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဥယျာဉ်ခြံရှင်တောင်သူများကို အမယ်သစ် သီးနှံကော်ဖီပျိုးပင် (၂၀၀၀၀)၊ ကိုကိုးပျိုးပင်(၁၀၀၀၀) နှင့် စုစုပေါင်း ငွေကျပ် (၁၅၅)သိန်းတန်ဖိုးရှိ သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
နှစ်ရှည် သီးနှံများအကြား ကိုကိုးနှင့် ကော်ဖီသီးနှံကို ကြားသီးနှံအဖြစ် စိုက်ပျိုးခြင်းဖြင့် တောင်သူများ အပိုဝင်ငွေ ရရှိနိုင်ကြစေရန်နှင့် မြေလွတ်၊ မြေလပ်မကျန် စိုက်ပျိုးနိုင်ခြင်းကြောင့် မြေအသုံးချမှုပိုမို တိုးတက်လာပြီး သီးနှံစိုက်စွမ်းအားများ တိုးတက်လာနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အမယ်သစ် သီးနှံ ပျိုးပင်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ယခုနှစ် ဖေဖော်ဝါရီ လကုန်အထိ စာရင်းများအရ ဆီအုန်းစိုက်ဧရိယာ (၃၉၅၇၂၁)ဧကရှိပြီး အသီးခူးယူ နိုင်မှု(၁၈၃၈၂၁)ဧကရှိကြောင်း၊ ဆီသီးခိုင်စုစုပေါင်း (၈၆၁၅၄၄)တန် ထွက်ရှိခဲ့သဖြင့် ဒေသတွင်းနိုင်ငံများကဲ့သို့ တစ်ဧက ဆီသီးခိုင် အထွက်နှုန်း မြင့်မား လာစေရေးနှင့် ရော်ဘာနှင့်အခြားနှစ်ရှည်ပင် ဥယျာဉ်ခြံသီးနှံများ ၊ ရာသီသီးနှံများ ၏ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေး အတွက် သုသေတနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် OK ရတနာ အဆင့်မြင့်ဆန်စက် အတွင်း ဒေသထွက်စပါးများ ဝယ်ယူစုပုံထားရှိမှု၊ အခြောက်ခံမှု၊ ကြိတ်ခွဲ သန့်စင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်နေမှု၊ စပါးခွံ အသုံးပြု၍ တစ်နေ့လျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ် (၆၀၀) ထုတ်လုပ်ပြီး ဆန်စက်လည်ပတ်အသုံးပြုနေမှု တို့ကို ကြည့်ရှုအားပေးသည်။
ထို့အတူ မြိတ်မြို့ ရှမ်းချောင်းကျေးရွာရှိ ဖိုးလမင်းရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်နှင့် ဖိုးလမင်းရော်ဘာ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် မှိုင်းခံရော်ဘာ ထုတ်လုပ်ရေးစက်ရုံ၌ ရော်ဘာနေလှန်းပြား ကုန်ကြမ်းဝယ်ယူပြီး ကုန်ချော အဆင့်ဆင့် ထုတ်လုပ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ Grand Jade Hotel ခန်းမ၌ ကျင်းပပြု လုပ်သည့် ဆီအုန်းစိုက် ဧရိယာများ တစ်ဧက အထွက်နှုန်း တိုးတက်ရေး နှင့် သီးနှံအရည်အသွေး များတိုးတက်စေရေး ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆီအုန်းတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် အသီးခူးဧရိယာ အပြည့်အဝအသီးခူးနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ရေး၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ စံချိန်မီဆောင်ရွက်ရေး၊ ခူးယူပြီးသော ဆီသီးခိုင်များ စက်ရုံသို့ အချိန်မီရောက်ရှိရေး လုပ်ငန်းများကို ဆီအုန်းကုမ္ပဏီများနှင့် စည်းရုံးပညာပေး ဆောင်ရွက်ရန်လိုကြောင်း။
ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးနှင့် ပြည်ပ မှ ဆီတင်သွင်းမှု လျှော့ချရေးအတွက် ဆီအုန်းစိုက်ဧကများ တိုးချဲ့ခြင်း၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေးတို့အတွက် ကြိုးစားဆောင်ရွက်ခြင်းတို့ကို အလေးထား လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဆီအုန်းမှာ အနည်းဆုံး နှစ်(၃ဝ၊ (၄ဝ) ခန့် စိုက်ပျိုးရသည့် နှစ်ရှည်ပင် ဖြစ်သည့်အတွက် စိုက်ပျိုးဖြစ်ထွန်းနိုင်မှုမရှိပါက မြေအလဟဿဆုံးရှုံး မှုမရှိစေရေး ဆက်လက်ဆောင် ရွက်ခြင်းမပြုရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ထားရှိမှုနှင့်စပ်လျဉ်း၍ မြိတ်မြောက်ဘက်ခြမ်း၊ ပုလော မြို့နယ် အထက်ပိုင်းရှိ သက်တမ်းလွန် ဆီအုန်းစိုက် ဧရိယာများတွင် ရော်ဘာ၊ ကိုကိုး၊ ကော်ဖီ စသည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါဒေသများ၌ ရော်ဘာ၊ ကိုကိုးစိုက်ဧရိယာများ တိုးတက်လာပြီး လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘ၀တိုးတက်လာရေး ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)