မြိတ် ၉ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း/ တံတားလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း(၂၇၀၀)ကျော်နှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၅၀၀၀) ကျော်ဖြင့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်း၊ ဂဝံမြေသားလမ်းနှင့် Box Culvert၊ ရေဆင်းတံတား၊ ကွန်ကရစ်တံတားကြီး၊ ကွန်ကရစ်တံတားငယ်၊ မြေထိန်းနံရံ၊ ဘေလီတံတား၊ သစ်သာတံတား စသည့် လမ်းလုပ်ငန်း(၅၄)ခုနှင့် တံတားလုပ်ငန်း(၆၇)ခု ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရထံမှ သိရသည်။
ကျေးလက်နေပြည်သူများအတွက် လမ်း/တံတားလုပ်ငန်းများကို မြိတ်မြို့နယ်တွင် လမ်းလုပ်ငန်း(၁၇)ခု၊ တံတားလုပ်ငန်း(၇)ခု၊ ကျွန်းစုမြို့နယ်တွင် လမ်းလုပ်ငန်း(၁၄)ခု၊ တံတားလုပ်ငန်း(၃)ခု၊ ပုလောမြို့နယ်တွင် လမ်းလုပ်ငန်း(၁၂)ခု၊ တံတားလုပ်ငန်း(၁၇)ခု၊ တနင်္သာရီမြို့နယ်တွင် လမ်းလုပ်ငန်း(၁၁)ခု၊ တံတားလုပ်ငန်း(၄၀) တို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု နှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)