မြိတ်  ၁  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် တစ်လတာကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းများ တိုက်ခတ်ခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ မြေပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များကို ကျေးရွာပေါင်း (၅၂)ရွာမှ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လူနေအိမ် (၁၁၂) လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူ လေးဦးသေဆုံးကာ လူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ဖြစ်စဉ်များကြောင့် မြိတ်မြို့နယ်တွင် လေဘေးနှင့် ရေဘေးကြောင့် လူနေအိမ်(၆)လုံး၊ မြေပြိုမှုကြောင့် လူနေအိမ် (၁၇)လုံး စုစုပေါင်း(၂၃)လုံး၊ ပုလောမြို့နယ်တွင် သဘာဝဘေးများကြောင့် လူနေအိမ် (၁၇)လုံး၊ မြေပြိုကျမှုကြောင့် လူနေအိမ် (၁၂)လုံး စုစုပေါင်း (၂၉)လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အလာတူ တနင်္သာရီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားကာ လူနှစ်ဦး ရေနစ်သေဆုံးခဲ့ခြင်း၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေဘေးနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၀)လုံးနှင့် မြေပြိုမှုကြောင့် လူနေအိမ် (၂၅)လုံး စုစုပေါင်း (၅၅)လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သဘာဝဘေး အန္တရာယ်များကြောင့် မြိတ်ခရိုင်အတွင်းရှိ လေးမြို့နယ်တွင် ယာယီပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စု (၁၈၃၆)စုမှ လူဦးရေစုစုပေါင်း (၉၄၀၅)ဦးအတွက် မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေကျပ် ၁၈၃၁ ဒသမ ၆ သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)