မြိတ် ၇ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ရန်ပုံငွေ ကျပ်(၁၁၇၄.၂၈)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ်တွင် ကုန်ထုတ်လမ်း(၆)လမ်းနှင့် ကွန်ကရစ်တံတား(၁)စင်း၊ ရေပြွန်တံတား(၁၄)စင်းကို (၅၄၂.၄၂)သန်း ဖြင့်လည်းကောင်း၊ ကျေးလက်ရေရရှိရေး လုပ်ငန်း(၃၆)ခုကို(၅၉၂.၈၆)သန်းဖြင့်လည်းကောင်း၊ အသက်မွေးဝမ်း ကျောင်းသင်တန်း(၁၀)ခုကို(၃၉)သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“နွေရာသီရေရှားပါးပြတ်လပ်သည့်ကျေးရွာနှင့် အမှန်တကယ် ရေလိုအပ်သည့်ကျေးရွာများကို ကွင်း ဆင်း စိစစ်ပြီး ဦးစားပေးအဆင့်ရွေးချယ်၍ နည်းလမ်း(၄)မျိုးဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍမှာ ထုတ်ကုန်တွေကို ဈေးကွက်သို့ အလွယ်တကူ အလျင်အမြန် ရောက်ရှိ နိုင်ဖို့အတွက် ပြည်သူများတင်ပြချက်နှင့် မြေနေရာရရှိမှုအပေါ်မှာမူတည်ပြီး ကုန်ထုတ်လမ်းများကို ဦးစားပေး အဆင့်ရွေးချယ်ဆောင်ရွက်ပေးနေပါတယ်” ဟု မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
ကျေးလက်ရေရရှိရေးလုပ်ငန်းတွင် မြိတ်ခရိုင်အတွင်း အမှန်တကယ်ရေလိုအပ်သည့် ကျေးရွာ(၃၆)ရွာ တွင် လက်တူးရေတွင်း၊ ရေတွင်းအနက်၊ ရေတွင်းအတိမ်၊ စိမ့်စမ်းရေသွယ်တန်းခြင်းစသော ရေရရှိနိုင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်ခြေ(၆၃၅၅)အိမ်၊ လူဦးရေ(၄၀ဝ၀ဝ)ခန့် အကျိုးပြုနိုင်မည် ဖြစ် ကြောင်း၊ ထို့အတူ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်ပြီး မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ရွေးချယ်ဖွင့်လှစ်သွား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


