မြိတ် ဧပြီ ၁၂
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၇၂)ရွာတွင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်းပေါင်း(၇၂၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း(၇၂)ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ပြောပြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန်ဟူသော မျှော်မှန်းချက်နှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကုန်ထုတ်လမ်းနှင့် တံတားများတည်ဆောက်ခြင်း၊ ကျေးလက် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေများ ထူထောင်ပေးခြင်းနှင့် ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖော်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများ စသည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ မြိတ်ခရိုင်အတွင်းရှိကျေးရွာပေါင်း (၇၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (၇၂)ခုအတွက် နိုင်ငံတော်မှ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၁၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း(၇၂၀၀)ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေး နှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂(၆လ)ဘဏ္ဍာရေးနှစ်အထိ စီမံကိန်း ကျေးရွာပေါင်း (၁၅၄)ရွာတွင် စီမံကိန်းလုပ်ငန်းပေါင်း(၁၅၄)ခုကို နိုင်ငံတော်ထောက်ပံ့ ငွေကျပ် သိန်း(၁၄၄၄၀)၊ ပြည်သူထည့်ဝင်ငွေကျပ်(၁၀၅၁)သိန်း အကုန်ကျခံဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ကွန်ကရစ်လမ်း(၆၆ )လမ်း (၃မိုင် ၁ ဒသမ၂၄ ဖာလုံ)၊ မြေသားလမ်း(၁၃) လမ်း(၂ မိုင်၎ ဒသမ ၄၈ ဖာလုံ)၊ ရေဆိပ်ဆင်းလမ်း(၅)လမ်း(၁ မိုင် ဝ ဖာလုံ)၊ ရေဆိပ်တံတား (၂၇)စင်း၊ ပေ(၂၇၀)၊ ကွန်ကရစ်တံတား(၃)ခု၊ ပေ(၅၀)၊ ရေရရှိရေးလုပ်ငန်း(၄၈)ခုနှင့် ပညာရေးဆိုင်ရာအဆောက်အအုံ(၁၄)ခုတို့ကို ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
မြင့်ဉီး(မြိတ်)