မြိတ် ဧပြီ ၆
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြို့နှင့် အလှမ်းကွာဝေး၍ မဟာဓာတ်အားလိုင်း မရောက်နိုင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိ ကျေးရွာပေါင်း (၂၅)ရွာ၌ ငွေကျပ် (၂၅)ဘီလျံကျော် အကုန်အကျခံကာ ကျေးလက်မီးလင်းရေးကို အသေးစား လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
မြိတ်ခရိုင်အတွင်းရှိ မဟာဓာတ်အားလိုင်း မရောက်နိုင်သည့် ဒေသများအတွက် ဦးစားပေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာများတွင် တစ်အိမ်သုံး ဆိုလာစနစ်အပါအဝင် ဆိုလာ Mini - Grid စနစ်များဖြင့် မြိတ်ခရိုင်အတွင်း ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်ရှိ ကျေးရွာ (၂၅)ရွာ၌ စီမံကိန်းလုပ်ငန်း (၂၅)ခုဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဌာနက မဟာဓာတ်အားလိုင်းနဲ့ (၁၀)မိုင်အထက်ဝေးတဲ့ ကျေးရွာတွေ၊ နောက် (၁၅)နှစ်အတွင်း လျှပ်စစ်မီးမရနိုင်တဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးပါတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့အခါမှာ စနစ်နှစ်မျိုးနဲ့ ဆောင်ရွက်ပေးပါတယ်။ အိမ်ခြေလဲ ကျဲပါးမယ်၊ အိမ်ခြေလဲ နည်းတယ်ဆိုရင် တစ်အိမ်သုံးဆိုလာစနစ်နဲ့ ဆောင်ရွက်ပေးပါတယ်။ အိမ်ခြေများမယ်၊ မီးသုံးစွဲမှုလဲ များနိုင်မယ်ဆိုတဲ့ နေရာတွေမှာတော့ ကျွန်တော်တို့က အသေးစားဓာတ်အားပေးစနစ် လုပ်ငန်းနဲ့ ဆောင်ရွက်ပေးနေပါတယ်။ မြိတ်ခရိုင်အတွင်းမှာတော့ စီမံကိန်းလုပ်ငန်းပေါင်း (၂၅)ခု ရှိပါတယ်။ ကျွန်းစုမြို့နယ်မှာ (၁၅)ခု၊ ပုလောမြို့နယ်မှာ (၇)ခု၊ တနင်္သာရီမြို့နယ်မှာ (၃)ခု ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
အဆိုပါစီမံကိန်းလုပ်ငန်းကို ကျေးရွာတစ်ရွာလျှင် ပျမ်းမျှငွေကျပ် တစ်ဘီလျံ အကုန်ကျခံ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရက (၆၀)ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက (၂၀)ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူများက (၂၀)ရာခိုင်နှုန်း (အရစ်ကျစနစ်)ဖြင့် ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာနေ ပြည်သူများအနေဖြင့် အသေးစားလျှပ်စစ်ဓာတ်အားစနစ်ကို အိမ်သုံးတစ်ယူနစ်လျှင်ငွေ (၄၀၀)ကျပ်၊ စက်မှုလက်မှုလုပ်ငန်းသုံးကို တစ်ယူနစ်လျှင်ငွေ (၅၀၀)ကျပ်နှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်း(၂၅)ခုအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံငွေ (၂၅)ဘီလျံကျော် ကျခံပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခရိုင်အတွင်းမှာရှိတဲ့ (၂၅)ရွာအတွက် (၃ ဒသမ ၀၇၉၈) မဂ္ဂါဝပ်ကျော် ထုတ်လုပ်ပေးထားနိုင်ပါတယ်။ ၂၀၃၀ မှာ မဟာဓာတ်အားလိုင်း ပြင်ပမှာရှိနေတဲ့ ကျေးရွာတွေကိုအားလုံး မီးလင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ဆက်ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းတွင် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးခဲ့သည့် စီမံကိန်းလုပ်ငန်း (၂၅)ခုအနက် (၂၃)ခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သောကြောင့်အဆိုပါကျေးရွာ (၂၃)ရွာတွင် လျှပ်စစ်ဓာတ်အားသုံးစွဲနေပြီဖြစ်ကာ ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းလုပ်ငန်း (၂)ခုမှာ တနင်္သာရီမြို့နယ်ရှိ ကျွဲထိန်းကုန်း၊ ဆင်းခေါင်းကျေးရွာနှင့် ကျွန်းစုမြို့ရှိ သဲချောင်းကျေးရွာတို့ဖြစ်ကြောင်း သိရသည်။ စီမံကိန်းအားလုံးနီးပါး ဆောင်ရွက်ပေးထားပြီးဖြစ်ရာ ကျန်ရှိနေသည့် စီမံကိန်း(၂)ခုကိုလည်း ၂၀၂၂ ခုနှစ် မေလအကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းလုပ်ငန်းများအား လုံးပြီးစီးသွားပါက စုစုပေါင်းမဂ္ဂါဝပ် (၃ ဒသမ ၀၇၉၈)မဂ္ဂါဝပ်၊ အိမ်ခြေ (၈၇၆၀)အိမ် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နောင်လာမည့်ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ခရိုင်အတွင်းရှိ ကျေးရွာပေါင်း(၃၀၂)ရွာ၌ အသေးစားဓာတ်အားစနစ် Mini - Grid ဖြင့် ဆောင်ရွက်နိုင်ရေး ဖြစ်နိုင်စွမ်းအခြေအနေ စိစစ်လျက်ရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေနှင့် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များ ပါဝင်မှုအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၏ ပြောပြချက်အရ သိရသည်။
မြင့်ဦး(မြိတ်)