မြိတ် ၈ မတ်   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၆၅၂၄၅) စုအတွက် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလ၊ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ထောက်ပံ့ကူညီမှု (၅) မျိုးကို ထောက်ပံ့ပေးနိုင်ရန် စာရင်းပြုစုထားရှိကာ သက်ဆိုင်ရာသို့ တင်ပြထားကြောင်း မြိတ်ခရိုင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော်မတီမှ သိရသည်။

 

မြိတ်ခရိုင်အတွင်းတွင် အိမ်ထောင်စု (၁၄၈၇၈၇) စုရှိ၍ အခြေခံလူတန်းစား အိမ်ထောင်စု (၆၅၂၄၅) စုရှိပြီး လူဦးရေ စုစုပေါင်း (၃၂၁၃၇၃) ဦးရှိကြောင်း၊ အခြေခံလူတန်းစားများအတွက် ဆန်အိတ်ပေါင်း (၂၁၇၄၉) အိတ်၊ ဆီ (၃၂၆၂၂.၅) ပိဿာ၊ ပဲ (၆၅၂၄၅) ပိဿာ၊ ဆား (၃၂၆၂၂.၅) ပိဿာ၊ ကြက်သွန် (၆၅၂၄၅) ပိဿာ ဖြန့်ဝေပေးရန် စာရင်းပြုစုထားရှိကာ ထောက်ပံ့ဖြန့်ဖြူးပေးမည့် အခြေခံ စားသောက်ကုန်များ စုဆောင်းရရှိရေးအတွက် ကုန်စည်လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် ကိုဗစ် - ၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော်မတီမှ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

 

ခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏   ထောက်ပံ့ကူညီမှု (၅) မျိုးတွင် မြိတ်ခရိုင်၌ ဆန်၊ ဆီ၊ ဆား လုံလောက်မှုရှိကာ ပဲနှင့် ကြက်သွန်တို့မှာ လိုအပ်ချက်များ ရှိနေပြီး မြိတ်ခရိုင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်  လိုအပ်ချက်များကို သက်ဆိုင်ရာသို့ တင်ပြထားကြောင်း  မြိတ်ခရိုင် ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီ မှ သိရသည်။

 

mdn

 

မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ စသော  ထောက်ပံ့ကူညီမှု (၅) မျိုးကို ဖြန့်ဖြူးထောက်ပံ့ပေးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စာရင်းများကောက်ယူခဲ့ကြသည်။

 

ထောက်ပံ့ကူညီမှု (၅) မျိုးကို ထောက်ပံ့ကူညီ ဖြန့်ဖြူးပေးနိုင်ရန်အတွက် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်၊ မြိတ်ခရိုင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော်မတီနှင့် ကုန်စည်လုပ်ငန်းရှင်များမှ  ညှိနှိုင်း ဆွေးနွေးလျက်ရှိကြပြီး ခရိုင်အတွင်းရှိ မြို့နယ်များအား ထုတ်ပိုး၊ သယ်ယူ၊ ပို့ဆောင် ဖြန့်ဖြူးရေး လုပ်ငန်းများကို အဖွဲ့များဖွဲ့စည်းကာ စနစ်တကျ လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )