နေပြည်တော် ဧပြီ ၉
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တာဝန်ရှိသူ များနှင့်အတူ ဧပြီ ၇ ရက် နံနက်ပိုင်းက မြိတ်ခရိုင်ဥပဒေရုံးနှင့် မြိတ်မြို့နယ်ဥပဒေရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရုံးအဆောက်အအုံသစ်ကို ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမွေးနံ့သာရည်များ ပက်ဖျန်း ပေးကြ ရုံးအဆောက်အအုံသစ်ကို ကြည့်ရှုကြသည်။
မြိတ်ခရိုင် ဥပဒေရုံးနှင့် မြိတ်မြို့နယ် ဥပဒေရုံး အဆောက်အအုံသစ်သည် အလျား ၄၄ ပေ၊ အနံ ၅၉ ပေ RC လေးထပ် အဆောက်အအုံဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၄၅၂ ဒသမ ၂၁၄ သန်းဖြင့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်မှ တာဝန်ယူ၍ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် တိုင်းဒေသကြီး ဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများကို တွေ့ဆုံရာ တိုင်းဒေသကြီးဥပဒေချုပ်က တိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေ ဝန်ဆောင်မှုများပေးခြင်းဖြစ်ပြီး ဥပဒေစာအုပ်၊ ဥပဒေသင်တန်း၊ ဥပဒေသတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အစိုးရ ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက် ကြရန်နှင့် အဂတိကင်းရှင်းစွာ ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဥပဒေမူကြမ်း စိစစ်ရေးဦးစီး ဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီး ဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် တက်ရောက် လာကြသည့် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသ ကြီး ဥပဒေချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်