မြိတ်  မေ  ၂၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အခြေခံလူတန်းစား(၆)သောင်းခန့်အား မြိတ်ခရိုင်ငါးလုပ် ငန်းအဖွဲ့ချုပ်မှဦးဆောင်၍ ကမ်းဝေးရေလုပ်ငန်းရှင်များက အိမ်ထောင်စုတစ်စုလျှင် ဟင်းစားငါး(၃)ကီလိုနှုန်းကို ရပ်ကွက်/ကျေးရွာများအထိ အအေးခန်းကားများဖြင့် ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် မေလ(၂၆)ရက်မှ စတင် လှူဒါန်းပေးလျက်ရှိသည်။

 

“ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်ပြီး ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များ ပေါင်းစပ်၍ မြိတ်ခရိုင် အတွင်းမှာရှိတဲ့ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ ဦးစားပေးပြီး စာရင်းအရ မြိတ်ခရိုင်အတွင်းမှာ (၆)သောင်းခန့် လှူဒါန်းပေးမယ်လို့ ရည်ရွယ်ထားတယ်။ ငါး ကီလိုအချိန်ပျှမ်းမျှ ကီလိုအချိန်(၂)သိန်း ရမယ်လို့တွက်ချက် ထားပါတယ်။ အိမ်ထောင်စုတစ်ခုကို အနည်းဆုံး(၃)ကီလိုနှုန်းနဲ့ ပရဟိတအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌ ဦးစန်းမောင် က ပြောသည်။

 

မြိတ်ခရိုင်အတွင်းရှိ အခြေခံလူတန်းစားများအတွက် ဟင်းစားငါးလှူဒါန်းပွဲကို ပြည်ဖြိုးထွန်းကုမ္ပဏီ ဆိပ်ခံ တံတားတွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းတို့ တက်ရောက် ဂုဏ်ပြုအမှာစကားပြော ကြားသည်။ ထိုနောက် တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဉက္ကဌ ဦးလှသန်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရေလုပ်ငန်းရှင်များက  အခြေခံလူတန်းစားများအတွက် လှူဒါန်းသည့် ဟင်းစားငါးများကို ပရဟိတအဖွဲ့များသို့ ပေးအပ်ခဲ့သည်။

 

 “ ငါးဖမ်းလှေများက လာပေးတဲ့ငါးတွေကို တစ်ရက်တည်းနဲ့ လုပ်လို့မကုန်နိုင်တဲ့အတွက် ပြည်ဖြိုးထွန်း ကုမ္ပဏီ လှိုင်းဖြူလှေထဲ ထည့်ပြီးစုဆောင်းထားမယ်။ ပြီးရင် တစ်ရက်ကို ကီလိုတစ်သိန်းဆို တစ်သိန်း ငါးသောင်းဆို ငါးသောင်း လုပ်နိုင်သလောက်တင်ပြီး ပြန်လည်ရွေးချယ်မယ်။ မကောင်းတဲ့ငါးတွေဖယ်ပြီး ကောင်းတဲ့ငါးတွေကိုပဲ အိတ်တွေထဲရေခဲရိုက်ပြီးထည့်မယ်။ ပြီးရင်အအေးခန်းကားတွေနဲ့ စားသုံးသူလက်ထဲအရောက် လှူဒါန်းပေး မှာဖြစ်ပါတယ်” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌ က ထပ်လောင်းပြောဆိုသည်။

 

အခြေခံလူတန်းစားများအား ဟင်းစားငါးများလှူဒါန်းခြင်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဖမ်း လုပ်ငန်းရှင်များ ညိှနှိုင်းဆွေးနွေးခဲ့ကြပြီး ငါးဖမ်းရာသီပိတ်သိမ်းမည့် ယခုလကုန်တွင် နောက်ဆုံးဝင်ရောက်လာသည့် ငါးဖမ်းလှေများတွင် လှေတစ်စီးမှ စားလို့ရတဲ့ငါးကောင်းများကို အနည်းဆုံးဝါလတ်ပုံး(၄)ပုံး လှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းဝေးရေလုပ်ငန်းရှင်များက လှူဒါန်းသည့် အိမ်ထောင်စုတစ်စုလျှင် ဟင်းစားငါး (၃)ကီလိုနှုန်းကို အအေးခန်းကားများဖြင့် ပရဟိတအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများအထိ လိုက်လံလှူဒါန်းလျက် ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး  ( မြိတ် ပြန်/ဆက် )