မြိတ် ၁၇ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒပြုသည့်မဲရုံများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်တိုဘာ (၁၆) ရက်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ဆွေးနွေးခဲ့ကြသည်။
“ မဲရုံတွေမှာ ကိုဗစ်-၁၉ ကင်းရှင်းရေးအတွက် ဝင်ရောက်ကူညီကြမယ့် ကျန်းမာရေးနှင့်ပတ်သက်သည့် စေတနာ့ ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေ၊ မဲရုံအရေ အတွက်ပေါ်မူတည်ပြီး စေတနာ့ဝန်ထမ်း ရနိုင်မရနိုင်၊ လိုအပ်ချက်ရှိတဲ့နေရာတွေမှာလည်း ပြန်လည်ဖြည့်ပြီးတော့ သတ်မှတ်ထားတဲ့အတိုင်း စေတနာ့ဝန်ထမ်းတွေ ပြည့်အောင်လို့ ညှိနှိုင်း ဆွေးနွေးတာပါ” ဟု မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှိုင်ဘွားက ပြောသည်။
အထွေအထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် ကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
“ လာတဲ့ မဲဆန္ဒရှင်တွေ Social Distancing အရ အကွာအဝေးအတိုင်းနေအောင်လို့ အထွေထွေအုပ်ချုပ်ရေးမှ ဝန်ထမ်းတစ်ဦး၊ ကိုယ်အပူချိန်တိုင်းဖို့ ပညာရေးမှ ဝန်ထမ်းတစ်ဦး၊ စေတနာ့ ဝန်ထမ်းတစ်ဦး၊ နောက်တစ်ခုက လက်သန့်ဆေးရည်တွေ နှာခေါင်းစည်းတွေ ဝေပေးဖို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦးနဲ့ အရပ်ဖက် စေတနာ့ဝန်ထမ်းတစ်ဦး စုစုပေါင်း(၅)ဦးပေါ့ အပြင်မှာကူညီကြမှာ” ဟု မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး က ထပ်လောင်းပြောသည်။
မြိတ်ခရိုင်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မဲရုံစုစုပေါင်း(၅၇၇)ရုံရှိပြီး မဲရုံတစ်ရုံတွင် စေတနာ့ ဝန်ထမ်း(၂)ဦးဖြင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် မဲရုံပြင်ပ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်ဆက် )


